တနင်္လာနေ့ညက Laureus World Sportsman of the Year ဆုကို လီယွန်နယ် မက်ဆီနဲ့ လူးဝစ် ဟာမီလန်တို့က ပူးတွဲ ဆွတ်ခူးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆုကို Laureus Sports of Good Foundation က ၂၀၀၀ ပြည့်နှစ်ကနေ စတင်ပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်လာခဲ့တဲ့ ဆုတစ်ခုပြီး တစ်နှစ်တာကာလအတွင်း အားကစားနယ်ပယ်မှာ အောင်မြင် ကျော်ကြားမှု အရှိဆုံး အားကစားသမားကို ဂုဏ်ပြုချီးမြှင့်တာပဲဖြစ်ပါတယ်။
ဆုပေးပွဲသမိုင်းတစ်လျှောက်မှာတော့ တင်းနစ် အားကစားသမားတွေက ဒီကို စိုးမိုးထားခဲ့ကြပြီး ဖက်ဒရာက ၄ နှစ်ဆက်တိုက် ဆုရရှိခဲ့ဖူးသလို စုစုပေါင်း ၅ ကြိမ်နဲ့ အများဆုံးရရှိသူအဖြစ် ဦးဆောင်နေခဲ့ပါတယ်။ ဖက်ဒရာအပြင် နာမည်ကျော် တင်းနစ်ချန်ပီယံတွေဖြစ်တဲ့ ရာဖေးလ် နာဒါးလ်နဲ့ ဂျိုကိုဗစ်တို့ကလည်း ဒီဆုကို ဆွတ်ခူးခဲ့ပါတယ်။
ဒီနှစ်အတွက် ဆုပေးပွဲကိုတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။
Laureus World Sportsman of the Year ဆုပေးပွဲ သက်တမ်း နှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ ဆုပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဟာမီတန်ရော မက်ဆီပါ ဒီဆုကို ပထမဆုံးအကြိမ်ရရှိခဲ့ကြတာဖြစ်ပြီး မက်ဆီကတော့ ဘောလုံးကစားသမားတွေထဲမှာ ပထမဦးဆုံး ရယူနိုင်သူဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘလွန်းဒီအောဆုကို (၆)ကြိမ်မြောက်ရရိခဲ့တဲ့ မက်ဆီဟာ ဒီဆုပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။
ဆုပေးပွဲမှာ မရှိခဲ့တဲ့ မက်ဆီက "ဒီညဆုပေးပွဲအခမ်းအနားမှာ မရှိနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။
"ဒီနေရာမှာ တကယ်ပဲ အမြဲရှိနေချင်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ ကျနော် ရှိမနေနိုင်ခဲ့ပါဘူး။
"ဒီလို ကျနော့်ကို အသိအမှတ်ပြုပေးတဲ့ အကယ်ဒမီကို ကျေးဇူးတင်ချင်ပါတယ်။
"အမှန်တရားကတော့ ဒါဟာ အထူးဆုတစ်ခုပါပဲ။ ဘောလုံးသမားတွေထဲကနေ ပထမဆုံး ဆွတ်ခူးတဲ့အတွက်လည်း ကျနော် ဂုဏ်ယူပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"လို့ ဗီဒီယိုရုပ်သံကတဆင့် ပြောဆိုသွားခဲ့ပါတယ်။
နာမည်ကျော်ဘောလုံးသမားတွေဟာ ဒီဆုအတွက် နှစ်စဉ် ဆန်ခါတင်စာရင်းထဲကို ပါဝင်ခဲ့ကြပေမယ့် ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ကြဘဲ ဒီနှစ်မှာမှ မက်ဆီက ပထမဆုံး ဘောလုံးသမားအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပဲဖြစ်ပါတယ်။