ဖေဖော်ဝါရီ ၁၈။ ။ ကိုရိုနာဗိုင်းရပ်စ်သစ် အဓိက ကူးစက်ဖြစ်ပွားနေတဲ့ ဝူဟန်မြို့ရှိ ဆေးရုံတစ်ရုံရဲ့ အကြီးအကဲ ဖြစ်သူတစ်ဦး ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီး ဖေဖော်ဝါရီ ၁၈ ရက်မှာ ကွယ်လွန်သွားခဲ့ကြောင်း တရုတ်နိုင်ငံ ပိုင်မီဒီယာက ထုတ်ပြန်ဖော်ပြပါတယ်။
ဒါဟာ နိုင်ငံတစ်ဝန်း ပျံ့နှံ့ကူးစက်နေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် ဆေးဘက်ဆိုင်ရာ အမှုထမ်းတစ်ဦး အသက်ဆုံးရှုံးလိုက်ရတဲ့ ဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။
Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
၀ူဟန်မြို့ ဝူချန်း ဆေးရုံရဲ့ ဒါရိုက်တာ လျိုကျီမင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ယနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
၎င်းရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အခြား ဆရာဝန်တွေက အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ရပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံ ဒါရိုက်တာတစ်ဦး ပထမဆုံး အသက်ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက တရုတ်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၁,၇၁၆ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကာ အခြား ဝန်ထမ်းခြောက်ဦး ယင်းဗိုင်းရပ်စ်ကြောင့်ပဲ အသက်ဆုံးရှုံးခဲ့ရတယ် လို့ သိရပါတယ်။
ယင်းနိုင်ငံမှာတော့ အဆိုပါ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁,၈၅၀ ကျော် သေဆုံးခဲ့ပြီး အခြား ၇၂,၀၀၀ ကျော် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။