တိုယိုတာ မဲခေါင် ကလပ် ပြိုင်ပွဲတွင် ရန်ကုန်အသင်း လူစာရင်း၌ နိုင်ငံခြားသားကစားသမား သုံးဦးပါ၀င်

တိုယိုတာ မဲခေါင် ကလပ် ပြိုင်ပွဲတွင် ရန်ကုန်အသင်း လူစာရင်း၌ နိုင်ငံခြားသားကစားသမား သုံးဦးပါ၀င်
ရန်ကုန်အသင်းမှ ပြည်ပကစားသမားသုံးဦးဖြစ်သော ဆီဇာ၊ လူးဝဇ်၊ အီမာဆင်။ (ဓာတ်ပုံ- YUFC)

အောက်တိုဘာ ၂၉၊ ရန်ကုန်။                ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် တိုယိုတာမဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လူစာရင်းထုတ်ပြန်ရာ၌ နိုင်ငံခြားသားကစားသမား သုံးဦးသာ ပါဝင်လာခဲ့သည်။

အဆိုပါ နိုင်ငံခြားသား ကစားသမား သုံးဦးမှာ ဂိုးသမား လူဝဇ်ဖာဒန်ဒို၊ ကွင်းလယ်ကစားသမားအီမာဆင်နှင့် တိုက်စစ်မှူးဆီဇာ တို့ဖြစ်ကြပြီး ဒဏ်ရာရရှိနေသည့် နောက်ခံကစားသမား ကာနီကို ပါဝင်လာခဲ့ခြင်း မရှိခဲ့ပေ။

၂၀၁၅ တိုယိုတာ မဲခေါင် ကလပ်ချန်ပီယံရှစ်တွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန် ယူနိုက်တက်၊ ကမ္ဘောဒီးယားလိဂ် ချန်ပီယံ Boeung Ket Angkor FC ၊ လာအိုချန်ပီယံ လာအိုတိုယိုတာ အက်ဖ်စီ၊ လက်ရှိ ချန်ပီယံ ဘီကာမက်ဘန်ဒေါင်း (ဗီယက်နမ်)နှင့် ထိုင်းပရီးမီးယားလိဂ်ချန်ပီယံအသင်းတို့ ပါဝင်ကစားကြမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အုပ်စု အဆင့်မှ စတင်ကာ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၂ ရက်တွင်သုဝဏ္ဏကွင်း၌ လာအိုတိုယိုတာ အက်ဖ်စီနှင့် စတင်ကစားရမည် ဖြစ်ကာ ဒုတိယ ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ Boeung Ket Angkor FC အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အုပ်စု အဆင့်တွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ကလပ်များ ပတ်လည်ကစားပြီး အမှတ်အများဆုံး အသင်းက နောက်တစ်ဆင့်တွင် ဗီယက်နမ် ကလပ်နှင့် ရှုံးထွက် ကစားရမည် ဖြစ်ကာ ယင်းအဆင့် အနိုင်ရလျင် ဗိုလ်လုပွဲအဖြစ် ထိုင်းမှ ချန်ပီယံအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲစဉ်ဇယား ရေးဆွဲမှုအရ ထိုင်းကလပ်က ဗိုလ်လုပွဲတွင် အဆင်သင့် စောင့်နေရပြီး ကျန်အသင်းများမှ အုပ်စုနှင့်ရှုံးထွက်ပွဲစဉ်များကို ကျော်ဖြတ်ရမည် ဖြစ်သည်။
 
တိုယိုတာ မဲခေါင် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်မှ စတင်ကျင်းပခဲ့ရာ ရှုံးထွက်ဖလား ချန်ပီယံ ဧရာဝတီ ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆု ရရှိခဲ့သည်။

ယင်းနှစ်တွင် ဧရာဝတီ ယူနိုက်တက် (မြန်မာ)၊ ဟောင်အန် အတ္တပူ(လာအို)၊ ဘီကာမက်ဘန်ဒေါင်း (ဗီယက်နမ်)နှင့် ဖနွမ်ပင ခရောင်း (ကမ္ဘောဒီးယား) တို့ လေးသင်းသာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင် ကစားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly