ဖေဖော်ဝါရီလ ၈။ ။ One Chanpionship ၏ Warrior’s Code ပြိုင်ပွဲ ဒုတိယခေါင်(ဒုတိယတွဲဆိုင်း)ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော နယ်သာလန် နိုင်ငံသား De Ridder က အောင်လအန်ဆန်နှင့် ယှဉ်ပြိုင် ထိုးသတ်ရန် စိန်ခေါ်လာခဲ့ခြင်းကြောင့် အောင်လအန်ဆန်၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်မည့် ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံသား De Ridder သည် ဖေဖော်ဝါရီ ၇ ရက်နေ့ ညက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာတွင် ကျင်းပခဲ့သော One Championship ၏ Warrior’s Code ပြိုင်ပွဲ ဒုတိယခေါင်(ဒုတိယတွဲဆိုင်း)ပွဲစဉ်၌ ဘရာဇီးလ် နိုင်ငံသား Leandro Ataides ကို အနိုင်ရရှိခဲ့သူ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် De Ridder သည် ကမ္ဘာမယ်ဒယ်ဝိတ်တန်း ခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့သည်။
ထို့ကြောင့် De Ridder က ပွဲပြီးဆုံးချိန် စင်မြင့်ထက်တွင် “ အောင်လအန်ဆန်ကို အဆင့်သင့် လုပ်ထားရန် “ စိန်ခေါ်ခဲ့ သည်။
လက်ရှိမှာတော့ အောင်လအန်ဆန်သည် ကမ္ဘာမယ်ဒယ်ဝိတ်တန်း ချန်ပီယံအဖြစ် ရပ်တည်နေသူ ဖြစ်သည့်အတွက် ခါးပတ် ကာကွယ်ပွဲ ထိုးသတ်ဖွယ် ရှိနေကြောင်း သိရသည်။
အောင်လအန်ဆန်၏ လူမှုကွန်ရက်မှာတော့ “San Ford MMA တွင် ကျွမ်းကျင့်တဲ့ နည်းပြဆရာတွေနဲ့ လေ့ကျင့်ဖက် အသင်းဖော် ကောင်းတွေ ရှိနေတာက အရမ်းကောင်းမွန်တဲ့ အရာတစ်ခုပါ၊ နည်းပြဆရာတွေ၊ ကျွန်တော့် ဖိုက်တာတွေ အားလုံးက ပြိုင်ပွဲဝင်ဖို့ အဆင့်သင့် ဖြစ်နေပါပြီ။”ဟု ပြန်လည် တုန့်ပြန် ရေးသားထားသည်။
ထို့နောက် အောင်လအန်ဆန်က “အသင်းကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ပါဘူး” ဟု သူ၏ လူမူကွန်ရက် စာမျက်နှာပေါ်မှာ ရေးသား ဖော်ပြထားသည်။
De Ridder ၏ စိန်ခေါ်မှုကို လက်ခံ၍ ယှဉ်ပြိုင် ထိုးသတ်လာပါက အောင်လအန်ဆန်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ၎င်း ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်များအနက် ပွဲဦးထွက် ပွဲစဉ် တစ်ခု ဖြစ်လာနိုင်ပါသည်။
MMA ပြိုင်ပွဲများတွင် အောင်လအန်ဆန်သည် နိုင်ပွဲ ၂၆ ပွဲ ၊ ရှုံးပွဲ ၁၀ ပွဲဖြင့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထား သူ တစ်ယောက် ဖြစ်ပါသည်။
စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား De Ridder ကတော့ ၁၁ ပွဲနိုင် ရှုံးပွဲ မရှိသေးကြောင်း သိရသည်။