ဖေဖော်ဝါရီ ၇ ။ ။ တရုတ်နိုင်ငံမှာ ဖြစ်ပွားပျံ့နှံ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အစောဆုံး သတိပေးခဲ့တဲ့ ဆရာဝန်ဖြစ်သူ ကွယ်လွန်တာကြောင့် ပြည်သူတွေဟာ စိတ်မကောင်းဖြစ်ရင်း သူရဲကောင်းတစ်ဦးအဖြစ် အမွှမ်းတင် ဂုဏ်ပြုကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို စောစောစီးစီး သတိပေးတဲ့ မျက်စိအထူးကုဆရာဝန် လီဝန်လျှံကို ရဲဌာနက ဖိအားပေးပြီး ဗိုင်းရပ်စ်အကြောင်း မဟုတ်မမှန် ပြောကြားတယ် ဝန်ခံခိုင်းခဲ့တာကြောင့်လည်း ပြည်သူတွေဟာ အစိုးရရဲ့ ဒီ အရေးပေါ် ကိုင်တွယ်ပုံကို စိတ်ဆိုးဒေါသဖြစ်ကြပြီး ပိုမိုလွတ်လပ်ခွင့်အတွက် တောင်းဆိုကြပါတယ်။
ဆရာဝန် လီဝန်လျှံဟာ ဒီဇင်ဘာလနှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတိပေးကြတဲ့သူတွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်အကြောင်း စောစောစီးစီး သတိပေးပေမယ့် ဟူဘေးပြည်နယ်က အာဏာပိုင်တွေရဲ့ ဖိအားပေးနှိပ်ကွပ်တာ ခံခဲ့ရပြီး ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် လီဝန်လျှံဟာ ဖေဖော်ဝါရီ ၇ ရက် အစောပိုင်းမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး လူမှုမီဒီယာမှာ သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် ပြောဆိုချီးမွှမ်းကြပါတယ်။ တာဝန်ရှိသူတွေကိုလည်း ဆရာဝန်တွေ စကား နားထောင်ရမယ့်အစား တစ်နိုင်ငံလုံးကို ရောဂါကပ်ဘေးသင့်အောင် လုပ်ဆောင်တယ်လို့ ပြစ်တင်ဝေဖန်ကြပါတယ်။
ဒါပေမယ့် ဒီဖြစ်ရပ်ပေါ် အခြေခံပြီး ကွန်မြူနစ်ပါတီအုပ်ချုပ်တဲ့ တရုတ်နိုင်ငံအတွင်း ပိုမိုလွတ်လပ်ခွင့်အတွက် တောင်းဆိုလာကြပါတယ်။ ‘ကျုပ်တို့ လွတ်လပ်စွာ ပြောဆိုခွင့် အလိုရှိတယ်။’၊ ‘လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ကျုပ်တို့ တောင်းဆိုတယ်။’ဆိုပြီး တွစ်တာလို တရုတ်လူမှုမီဒီယာဖြစ်တဲ့ Weibo မှာ ရေးသားဖော်ပြကြလာခဲ့ရာ ဆင်ဆာဖြတ်တောက်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၃၀ ကျော်ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၃၁၀၀၀ ကျော်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။