ဖေဖော်ဝါရီ ၆။ ။ အဝင်အထွက် ပိတ်ထားသည့် ဝူဟန်မြို့သို့ လာရောက်သည့် ခရီးစဉ်သည် သင့်တော်သည့် ခရီးစဉ် မဖြစ်နိုင်သောကြောင့် သောင်တင်ပိတ်မိနေသော ကမ္ဘောဒီးယားကျောင်းသားကျောင်းသူများအား သွားရောက်အားပေးလိုသည့် ကမ္ဘေဒီးယား ဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၅ ရက်တွင် ဖော်ပြသည်။
ဝူဟန်နှင့် ပတ်လည် ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ရာပေါင်းများစွာ ရှိကာ ကူးစက်သူ ထောင်ပေါင်းများစွာ ရှိနေပြီး လူပေါင်း ၅၃ သန်းကျော်သည် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများအောက်တွင် နေထိုင်နေရခြင်း ဖြစ်သည်။
“ဝူဟန်မှာ ကိုရိုနာကူးစက်ဖြစ်ပွားမှု တိုက်ဖျက်နိုင်ရေးကို အစွမ်း ရှိသမျှ လုပ်ဆောင်နေတယ်။ တင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်နေရတယ်။ လက်ရှိအချိန်မှာ အဲဒီဆီ လာရောက်လည်ပတ်တယ်ဆိုတာ မသင့်တော်သေးပါ။”ဟု ဖေဖော်ဝါရီ ၅ ရက်က သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချောင်ယင်းက ဆိုသည်။
နိုင်ငံတော်တော်များများက ၎င်းတို့၏ နိုင်ငံသားများကို လေယာဉ်များ စေလွှတ်ကာ ခေါ်ယူနေချိန်တွင် ခေါင်းမာပြီး တရုတ်နှင့် မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ထိုသို့ လုပ်ဆောင်ခြင်း မရှိ၍ ဝေဖန်မှုများ ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စိတ်အေးအေးထားကြရန် ၎င်းက တိုက်တွန်းလျက်ရှိနေပြီး ပြီးခဲ့သည့် လအတွင်းကလည်း mask တပ်သည့် သတင်းထောက်များနှင့် တာဝန်ရှိသူများကို သတင်းစာရှင်းလင်းပွဲကနေ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုဖူးသည်။
ဝန်ကြီးချုပ် ဟွန်ဆန်၏ ဝူဟန်သို့ လာရောက်လည်ပတ်ခွင့် တောင်းခံခြင်းသည် ကျောင်းသားများအပေါ် နွေးထွေးမှု ပြရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ရွံ့မနေကြဘူးဆိုခြင်းအား ကျိန်းသေစေရန်တို့အတွက်ကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဆိုသည်။
ဟွန်ဆန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် တွေ့ဆုံခဲ့ကြောင်းကို CCTV သတင်းဌာနက ရုပ်သံ ထုတ်လွှင့်ခဲ့သည်။
ကမ္ဘောဒီးယားတွင် ဝူဟန်မှ ရောက်ရှိလာသော တရုတ်နိုင်ငံသား တစ်ဦးတွင်သာ ကိုရိုနာ ကူးစက်ဖြစ်ပွားကြောင်း အတည်ပြု ကြေညာထားသည်။