ဇန်နဝါရီ ၂၈။ ။ ယီမင်နိုင်ငံတွင် ကလေးသူငယ် အာဟာရ ချို့တဲ့မှု ပြဿနာ ကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ယင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ရုန်းကန်နေရလျက် ရှိသည်။
လက်ရှိအချိန်တွင် ယင်းနိုင်ငံ၏ ကျန်းမာရေး စနစ်သည်လည်း ယိုယွင်းလျက် ရှိရာ အာဟာရ ချို့တဲ့မှု ခံစားနေရသည့် ကလေးသူငယ် ဦးရေသည်လည်း များပြားနေလျက် ရှိသည်။
စစ်ပွဲကြောင့် ထိခိုက်ပျက်စီးထားခဲ့သည့် နိုင်ငံတွင် ပြင်းထန် ဆိုးရွားသည့် အာဟာရ ချို့တဲ့မှု ခံစားနေရသည့် ကလေးငယ်များကို ကုသမှုပေးနိုင်ရေး ဆရာဝန်များသည်လည်း ရုန်းကန်နေရသည်။
အရှေ့အလယ်ပိုင်းရှိ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည့် ယီမင်တွင် ကလေးငယ် ၂ ဒသမ ၂ သန်းနီးပါး အာဟာရ ချို့တဲ့နေပြီး ခန့်မှန်းခြေ ကလေးငယ်ပေါင်း ၄၆၂,၀၀၀ ခန့်သည် ပြင်းထန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
UNICEF ၏ ထုတ်ပြန်ချက်အရ ယင်းနိုင်ငံတွင် တစ်နှစ်လျင် ကလေးငယ် ၃၀,၀၀၀ ခန့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးနေရသည်ဟုလည်း သိရသည်။