ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရင်သားကင်ဆာ က အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားတွေမှာလည်း တွေ့ရတတ်ပေမယ့် ရှားပါတယ်။ ခုခေတ်မှာနည်းပညာတွေတိုးတက်လာတဲ့အတွက် ရင်သားကင်ဆာက အသက်ရှင်နှုန်းတွေတက်လာပြီး သေဆုံးနှုန်းတွေ ကျလာပါတယ်။ ရောဂါရှာဖွေရတာလည်း ပိုလွယ်လာပါတယ်။ ဒါကြောင့် စောစောသိဖို့က အခရာပါ။ စောစောသိဖို့အတွက် ရင်သားကင်ဆာရဲ့ လက္ခဏာတွေကို သိထားဖို့လိုပါတယ်။
လက္ခဏာများ
ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့
- အကြိတ်စမ်းမိတာ
- ရင်သားရဲ့ ပုံစံနဲ့ အရွယ်အစားပြောင်းလဲတာ
- ရင်သားအရေပြားပြောင်းလဲတာ (အချိုင့်ဖြစ်တာ၊ လိမ္မော်သီးခွံလိုဖြစ်တာ၊ အဖတ်တွေကွာတာ)
- အရင်နဲ့မတူဘဲ နို့သီးခေါင်းချိုင့်ဝင်တာ၊ စောင်းနေတာ
- နို့သီးခေါင်းပတ်ပတ်လည်အရေပြား အကြေးကွာတာ၊ အဖတ်လန်တာ
- ရင်သားနာတာ
- နို့သီးခေါင်းက အရည်ထွက်တာ၊ သွေးထွက်တာ
- ချိုင်းအောက်နဲ့ ညှပ်ရိုးအပေါ်မှာ အကြိတ်စမ်းမိတာ စတာတွေပဲ ဖြစ်ပါတယ်။
ဘယ်သူတွေမှာဖြစ်နိုင်လဲ။
ရင်သားကင်ဆာဖြစ်ဖို့ အချက်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအချက်တွေရှိလို့လည်း ရင်သားကင်ဆာဖြစ်ကိုဖြစ်မယ်လို့ ပြောလို့မရပါဘူး။
အသက်
အသက်ကြီးလာလေလေ ဖြစ်နိုင်ချေများလေလေပါပဲ။ ရင်သားကင်ဆာကို အသက်၅၅နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။
မိသားစုရာဇဝင်
အမျိုးထဲမှာ ရင်သားကင်ဆာဖြစ်တဲ့သူရှိရင် ကိုယ့်မှာလည်းဖြစ်နိုင်ချေရှိပါတယ်။
ရောဂါရာဇဝင်
ရင်သားတစ်ဖက်မှာ ကင်ဆာဖြစ်ဖူးရင် နောက်တစ်ဖက်မှာလည်း ဖြစ်နိုင်ချေရှိပါတယ်။
မျိုးရိုးဗီဇ
ကိုယ့်မှာ BRCA1နဲ့ BRCA2ဗီဇရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။ ဖြစ်နိုင်ချေပဲများတာပါ။ ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး။
ဓာတ်ရောင်ခြည်သင့်ခြင်း
ငယ်ငယ်တုန်းက မကြာမကြာဓာတ်ရောင်ခြည်ထိခဲ့တယ်ဆိုရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။
အဝလွန်ခြင်း
အဝလွန်ခြင်းကလည်း ရင်သားကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။
အပျိုဖော်ဝင်တဲ့အရွယ်စောခြင်း
အသက်၁၂နှစ်မတိုင်ခင် အပျိုဖော်ဝင်တယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေမြင့်ပါတယ်။
နောက်ကျပြီးသွေးဆုံးခြင်း
အသက်၅၅နှစ်ကျော်မှ သွေးဆုံးရင်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။
အသက်ကြီးမှကလေးယူခြင်း
အသက်၃၀ကျော်မှ ကလေးယူတဲ့သူတွေက ကင်ဆာဖြစ်နိုင်ချေများပါတယ်။
ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးခြင်း
ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးတဲ့သူတွေက ကလေးမွေးဖူးသူတွေထက် ကင်ဆာပိုဖြစ်နိုင်ပါတယ်။
သွေးဆုံးပြီးနောက် ဟော်မုန်းကုသမှုခံယူခြင်း
ဟော်မုန်းကုသမှုခံယူတဲ့သူတွေက ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။ ဟော်မုန်းကိုရပ်လိုက်ရင်တော့ ဖြစ်နိုင်ချေပြန်နည်းသွားပါတယ်။
အရက်သောက်ခြင်း
ရင်သားကြီးခြင်း
ရင်သားကြီးတဲ့သူတွေက တစ်ရှူးများတဲ့အတွက် mammogramရိုက်တဲ့အခါ အခက်အခဲရှိပါတယ်။ အကြိတ်ကို သိပ်မတွေ့ရတတ်ပါဘူး။
နောက်ဆက်တွဲဆိုးကျိုးများ
ရင်သားကင်ဆာကို ထိထိရောက်ရောက်မကုဘူးဆိုရင် အဆင့်တွေမြင့်ပြီး တစ်ကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ အရိုးကိုပျံ့ရင် အရိုးကျိုးတာ၊ အာရုံကြောမကြီးကိုပျံ့ရင် အောက်ပိုင်းသေတာ၊ ဆီး၊ ဝမ်းမထိန်းနိုင်တာ၊ သွေးတွင်းကယ်ဆီယမ်လ်တွေများပြီး ဆီးကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ အဆုတ်ကိုပျံ့ပြီး မောတာ၊ အဆုတ်ရေဖုံးတာ၊ အသည်းကိုပျံ့တာ၊ ဦးနှောက်ကိုပျံ့တာ စတာတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် ကင်ဆာကြောင့် ပြင်းထန်တဲ့ နာကျင်မှုလည်း ခံစားရနိုင်ပါတယ်။
ကာကွယ်လို့ရလား။
ရင်သားကင်ဆာက သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးလို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်လုပ်တာ၊ ဖြစ်နိုင်ချေတွေကို လျှော့ချတဲ့ နည်းလမ်းတွေတော့ရှိပါတယ်။ ဒါတွေကတော့
ရင်သားဓာတ်မှန် (Mammogram)ရိုက်ပါ။
ရင်သားဓာတ်မှန်က အကြိတ်တွေကို လက်နဲ့ မစမ်းမိခင်မှာဘဲ ရှာပေးနိုင်ပါတယ်။ လုပ်သင့်တဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
- ရင်သားကို တစ်လတစ်ခါလောက် ကိုယ်ကိုယ်တိုင်စစ်ဆေးပါ။
- အရက်လျှော့သောက်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။
- သွေးဆုံးပြီးနောက် ဟော်မုန်းကုသမှုကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ။ အဝမလွန်ပါစေနဲ့။
- အာဟာရမျှတအောင်စားပါ။
- ကြိုတင်ကာကွယ်တဲ့အနေနဲ့ မျိုးရိုးလည်းရှိတယ်။ BRCAဗီဇလည်းရှိတဲ့သူတွေက ကြိုတင်ပြီး ရင်သားဖြတ်ထုတ်တဲ့ ခွဲစိတ်မှုတွေ လုပ်တာကိုလည်း တွေ့ရပါတယ်။
Take home massage
ရင်သားကင်ဆာက စောစောသိရင် စိုးရိမ်စရာမရှိပါဘူး။ စောစောသိဖို့ကပဲ အရေးကြီးတာပါ။ စောစောသိဖို့အတွက် သူ့ရဲ့ လက္ခဏာတွေကို သိထားရပါမယ်။ ရင်သားဓာတ်မှန်ပုံမှန်ရိုက်ရပါမယ်။ မရိုက်နိုင်ရင် တစ်လတစ်ခါ ကိုယ့်ရင်သားကို စမ်းသပ်ရပါမယ်။ ဒါမှ စောစောသိ စောစောကုပြီး အသက်ရှင်နိုင်မှာပါ။