ဆစ်ဒနီ၊ ဇန်နဝါရီ ၂၃ ။ ။ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆစ်ဒနီတွင် အမေရိကန်မီးသတ်သမား ၃ ဦး လိုက်ပါလာသည့် မီးသတ်လေယာဉ်တစ်စင်းသည် တောမီးငြှိမ်းသတ်ရင်း ဒီကနေ့ (ဇန်နဝါရီ ၂၃) တွင် ပျက်ကျခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
ကနေဒါနိုင်ငံ မီးသတ်ကုမ္ပဏီက ပိုင်ဆိုင်သည့် C-130 Hercules မီးသတ်လေယာဉ်သည် စနိုဝီမိုနာကိုဒေသတွင် တောမီးများ ငြှိမ်းသတ်နေရာမှ ဒေသစံတော်ချိန် ၁ နာရီခွဲမတိုင်မီလေးတွင် အဆက်အသွယ် ပြတ်တောက် သွားကြောင်း၊ ပျက်ကျသည့်လေယာဉ်ပေါ်တွင် အမေရိကန်နိုင်ငံသား ၃ ဦးပါသွားကြောင်း နယူးဆောက်ဝေး မီးသတ်ဌာနမှ ကော်မရှင်နာ ရှိန်းဖစ်စီမွန်က ဆိုသည်။
ယခုအချိန်တွင် နယူးဆောက်ဝေးပြည်နယ်၌ အပူချိန်ပြင်းပြီး လေပြင်းများတိုက်ခတ်နေသည့်အတွက် တောမီး ပေါင်း ၈၀ ခန့်လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ဩစတြေးလျတောမီးများကို ကူညီငြှိမ်းသတ်ပေးရန် အတွက် နိုင်ငံတကာမှ မီးသတ်အထူးကျွမ်းကျင်သူများကို စေလွှတ်ထားသည့် နိုင်ငံများထဲတွင် အမေရိကန်လည်း အပါအဝင်ဖြစ်သည်။
ပျက်ကျရသည့်အကြောင်းရင်းကို မသိရသေးဘဲ မီးသတ်လေယာဉ် မြေပြင်ပေါ် အရှိန်ပြင်းစွာ ပျက်ကျပြီး မီးအကြီးအကျယ်လောင်သွားကြောင်း ကနဦးသတင်းများအရ သိရသည်။
ဩစတြေးလျတောမီးကြောင့် ယနေ့အချိန်ထိ သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိသွားပြီဖြစ်သည်။
ဒီကနေ့ တစ်ရက်တည်းမှာပင် မီးသတ်လေယာဉ်ပေါင်း ၇၀ ခန့် အသုံးပြုနေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လည်း အန္တရာယ်ရှိသည်ကို သတိပေးလိုက်သည့် ဖြစ်ရပ်ပင်ဖြစ် ကြောင်း နယူးဆောက်ဝေးပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒစ် ဘယ်ရီဂျစ်ကလီရန် ကပြောသည်။