ဇန်နဝါရီ ၂၀ ရက်။ ။အခြေခံပညာစာမေးပွဲကာလ ပြင်ဆင် နောက်ဆုတ်ခြင်းအား အမြန်ဆုံး ပြန်လည်ဖျက်သိမ်းပေးရန် အတွက် ပညာရေး ဆရာ၊ ဆရာမများ နှင့် ဒေသခံအင်အား ၂၀၀ ခန့် ပါဝင်သောဆန္ဒထုတ် ဖော်ပွဲ ကိုဇန်နဝါရီ ၂၄ ရက်နေ့တွင် မကွေးမြို့မှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇင်ကိုဝင်း က “ အဓိက လုပ်ရတဲ့အကြောင်းအရင်းက အခြေခံပညာအတန်းငယ် ကလေးတွေ စာမေးပွဲကာလ ကို အတန်းကြီးတွေ ပြီးမှဖြေရမယ်ဆိုပြီး နောက်ဆုတ်လိုက်တာ ၊ ဒီကိစ္စကို ဖျက်သိမ်း ပေးဖို့ တောင်းဆိုတာ ။ ဒီအပေါ် လက်မခံနိုင်တဲ့အကြောင်းအရင်းက ကျွန်တော်တို့ကို တိကျခိုင်မာတဲ့ မူဝါဒ ချမှတ်ပေးရမယ် ၊ ဒီစနစ်တစ်ခုကို စတင် အကောင်အထည်ဖော်မယ်ဆိုကတည်းက မြေပြင် အခက်အခဲ တွေကို သေချာသိအောင်လေ့လာရမယ်။ ဒီစနစ် ဖျက်သိမ်းပေးရေး ပဲ ဆန္ဒထုတ်ဖော်တာ၊ မဖျက်ပေးရင် ဒါကို သပိတ်တစ်ရပ်အနေနဲ့ သပိတ်မှောက်မယ် “ ဟု ပြောသည်။
လူထုဆန္ဒထုတ်ဖော်ပွဲအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ- ၄ အရ ဇန်နဝါရီ (၁၉ )ရက်က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး သို့ လုပ်ထုံးလုပ်နည်းအတိုင်း ငြိမ်းစုစီခွင့်ပြုမိန့် စာတင်အကြောင်းကြားထားကြောင်း သိရသည်။
အခြေခံပညာစာမေးပွဲကာလပြင်ဆင်နောက်ဆုတ်ခြင်းအားပြန်လည်ဖျက်သိမ်းပေးရေး ၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှုဖော်ဆောင်ရေး ၊ဒီမိုကရေစီ နှင့် ညီမျှသော စီမံခန့်ခွဲမှု ဖော်ဆောင်ရေး ၊ ဆရာ/ဆရာမများ ၏ လူမှုဘဝမြှင့်တင်ရေး ၊ သုတေသနကို အခြေမခံသော ပညာရေး စနစ် အလိုမရှိ စသော ဆိုင်းဘုတ်စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ဦးစီးဌာန ၏ မတ်လအကုန်အထိ စာသင်ကာလတိုးမြှင့်ခြင်းက တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားများ စာမေးပွဲ ဖြေဆိုပြီးမှ မူလတန်း မှ အလယ်တန်း အတန်းငယ်များက မတ်လနောက်ဆုံးပတ် တွင် စာမေးပွဲ စစ်ဆေးခြင်းကို စတင်သတ်မှတ်ခြင်း ဖြစ်သည်။
လက်ရှိရေးဆွဲထားသော သင်ရိုးသစ် သင်ခန်းစာများသည် သီတင်းပတ် ( ၃၆ ) ပတ်စာ ဖေဖော်ဝါရီလကုန် အထိသာ ရေးဆွဲထားခြင်း ဖြစ်ပြီး မတ်လကုန်ထိ စာသင် ကာလတိုးမြှင့်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို ထူးခြားစွာ တိုးမြှင့်စေမည် မဟုတ်ကြောင်း ၊ မတ်လအတွင်း စာသင်ရက် ( ၅) ရက်သာရှိနေပြီး စာသင်ချိန် တိုးမြှင့်ခြင်းလည်း မဟုတ်ဘဲ စာမေးပွဲရက် ရွေ့ဆိုင်းခြင်းသဘောသာ သက်ရောက်နေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ ၊ ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီလ ၅ ရက်နေ့က သဘောထား ကြေညာချက်ထုတ်ပြန်ထားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ (၂၄ )ရက် ၊ နံနက် ၈ နာရီမှ စတင်ပြီး မကွေးပညာရေးကောလိပ်ရှေ့ ၊ ကြာပန်းဝိုင်းအနီးမြေကွက်လပ်မှ စတင်၍ တောင်တွင်းလမ်း ၊ မကွေးတက္ကသိုလ်လမ်း မှ တိုင်းဒေသကြီး ပညာရေး မှူးရုံးရှေ့အနီး မြေကွက်လပ် အထိ လမ်းလျှောက်ချီတက်မည်ဖြစ်ကြောင်း ၊ အခြေခံပညာစားမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်း အား ပြန်လည်ဖျက်သိမ်းပေးရေး ၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှု ဖော်ဆောင် ရေး ၊ ဒီမိုကရေစီ နှင့် ညီမျှသော စီမံခန့်ခွဲမှု ဖော်ဆောင်ရေး ၊ ဆရာ ၊ ဆရာမများ၏ လူမှုဘဝမြှင့်တင်ရေး ၊ သုတေသနကို အခြေမခံသော ပညာရေး စနစ် အလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာတွင် မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်ရန် စီစဉ်နေကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ အခြေခံပညာဦးစီးဌာန ဦးကိုလေးဝင်းတို့၏ ပြောကြားချက်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာအမှတ် စာစစ် / ၁ အချိန်စာရင်း / ၁၈၄၈ / ၂၀၁၉ အရသိရှိရကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီထံမှ သိရှိရသည်။
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်း စာသင်ချိန် တစ်လတိုးလိုက်သည့်အပေါ် ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂများ ၊ ပညာရေးကော လိပ်များ နှင့် အခြေခံပညာကျောင်းများတွင် ဆရာ ၊ ဆရာမများက ဖဲကြိုးစိမ်းတပ်၍ ပြုလုပ်လျှက် ရှိသည်။