ဇန်နဝါရီ ၁၈ ။ ။ ဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်း၌ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသားအဖြစ် ဖော်ပြခံရသည့် ခါဂျန်ဒရာသာပါမာဂါသည် နီပေါရှိ ဆေးရုံတစ်ရုံ၌ ဇန်နဝါရီ ၁၇ ရက်က ကွယ်လွန်ကြောင်း ၎င်း၏ မိသားစုများက ပြောသည်။
အရပ် ၆၇ ဒသမ ၀၈ စင်တီမီတာ (၂ ပေနှင့် ၂ ဒသမ ၄၁ လက်မ) သာ ရှိသော ခါဂျန်ဒရာသည် မိဘများနှင့် အတူနေထိုင်ရာ ခတ္တမန္ဒူမြို့တော်မှ ကီလိုမီတာ ၂၀၀ ကျော် ကွာဝေးသည့် ပိုခါရာမြို့ဆေးရုံတွင် နမိုးနီးယားရောဂါဖြင့် ကွယ်လွန်ခြင်း ဖြစ်သည်။
“အဲဒီ နမိုးနီးယားရောဂါကြောင့်ပဲ သူဟာ ဆေးရုံကို တက်လိုက်ဆင်းလိုက်နဲ့ ကုသနေခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ နှလုံးကိုပါ ရောဂါသက်ရောက်ပြီ ဒီကနေ့မှာ သူ ကွယ်လွန်ခဲ့တာ ဖြစ်တယ်။”ဟု ခါဂျန်ဒရာ၏ အစ်ကိုဖြစ်သူ မာဟတ်သာပါက ပြောသည်။
ခါဂျန်ဒရာသည် ၎င်း၏ အသက် ၁၈ ပြည့်မွေးနေ့အပြီး ၂၀၁၀ က ကမ္ဘာ့အရပ်အပုဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြု ကြေညာခံရခြင်း ဖြစ်သည်။ အထိမ်းအမှတ် ဓာတ်ပုံရိုက်ကူးရာ၌ ၎င်းအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းဘောင်သည် ၎င်းထက် မဆိုစလောက်သာ သေးငယ်နေခဲ့သည်။
သို့ရာတွင် နီပေါ၌ အရပ် ၅၄ ဒသမ ၆ စင်တီမီတာသာ မြင့်သော ချန်ဒရာဘာဟာဒူးကို တွေ့ရှိပြီးနောက် ခါဂျန်ဒရာ၏ ကမ္ဘာ့အရပ်အပုဆုံး အသိအမှတ်ပြုမှုကို ချန်ဒရာအား လွှဲပေးလိုက်ရသည်။
၂၀၁၅ ခုနှစ်တွင် ချန်ဒရာ ကွယ်လွန်ခဲ့ရာ ခါဂျန်ဒရာက ကမ္ဘာ့အရပ်အပုဆုံး ပုဂ္ဂိုလ် ပြန်လည်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။