ONE Championship ၏ ၂၀၂၀ ခုနှစ် အဖွင့်ပြိုင်ပွဲဖြစ်သည့် ONE: A New Tomorrow ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိတ်လှူပ်ရှားဖွယ်ရာ တွဲဆိုင်းများဖြင့် ကြည့်ရှုသူများကို ရသအပြည့်ပေးစွမ်းနိုင်ခဲ့သည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုပြိုင်ပွဲကြီးတွင် နာမည်ကျော် ကစားသမားများသည် ၎င်းတို့၏နှစ်သစ်အဖွင့်ပွဲစဉ်ကို အကောင်းဆုံး နိုင်ပွဲများဖြင့် ဖွင့်လှစ်နိုင်ခဲ့သလို မျက်နှာသစ် ကစားသမားအချို့သည်လည်း အစွမ်းပြကာ နိုင်ပွဲရရှိခဲ့ကြသည်။
၎င်းပြိုင်ပွဲတွင် အစွမ်းပြနိုင်ခဲ့သည့် ကစားသမားများအထဲမှ အကောင်းဆုံး ကစားသမား ၄ ဦး၏ ၎င်းတို့၏ အနာဂတ် ရည်မှန်းချက်နှင့် တွေ့ဆုံလိုသည့် ဖြစ်နိုင်ဖွယ်ပြိုင်ဘက်များ အကြောင်းကို ပရိသတ်သိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။
Rodtang Jitmuangnon
ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ Rodtang “The Iron Man” Jitmuangnon သည် ၎င်း၏ အတောက်ပဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး Jonathan “The General” Haggerty နှင့် ပြန်လည်တွေ့ဆုံခဲ့သည့် ပွဲတွင် ချန်ပီယံခါးပါတ်နှင့် ထိုက်တန်သူမှာ မိမိသာ အမှန်တကယ်ဖြစ်ကြောင်းပြသနိုင်ခဲ့သည်။
အနာဂတ်တွင် Rodtang ၏ ဖလိုင်းဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်မည့်သူမှာ ပြင်သစ် - အယ်ဂျီးရီးယား ကပြား Elias “The Sniper” Mahmoudi ဖြစ်လာရန် သေချာသလောက်အနေအထားရှိသည်။ လက်ရှိအချိန်တွင် Mahmoudi သည် ONE Championship တွင် မွေထိုင်းပွဲ ၂ပွဲ ကစားထားပြီး ၂ပွဲစလုံး အနိုင်ရရှိထားသည်။ ၎င်း၏ ကစားဟန်မှာလည်း ဆွဲဆောင်မှူအပြည့်ရှိပြီး လက်သီးတွဲလုံးများသည်လည်း လျင်မြန်အားပါလှသည်။ Mahmoudi အနေဖြင့်လည်း ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရယူရန် စိတ်အားထက်သန်နေရာ ၎င်းတွဲဆိုင်း ဖြစ်ပေါ်လာပါက ပရိသတ်ကို ရသအပြည့်ပေးစွမ်းနိုင်မည်ဖြစ်သည်။
Stamp Fairtex
မတူညီသည့် အားကစားနည်း နှစ်မျိုးဖြင့် ကမ္ဘာ့ချန်ပီယံ ခါးပတ် ၂ ခုကို သိမ်းပိုက်ထားသူ Stamp Fairtex သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဘက်တွင်လည်း ခေသူမဟုတ်ကြောင်းကို နိုင်ပွဲဆက်တိုက်ယူကာ ပြသနိုင်ခဲ့သည်။ Stamp အနေဖြင့် နောက်တစ်ကြိမ် အကြီးမားဆုံး စမ်းသပ်ခံရမည့် ပြိုင်ဘက်မှာ ONE Championship တွင် ပွဲပေါင်း ၁၁ ပွဲအထိ ကစားထားပြီး အတွေ့အကြုံများစွာရှိသည့် Priscilla Hertati Lumban Gaol ဖြစ်လာနိုင်ဖွယ်ရှိသည်။ Gaol သည် နောက်ဆုံးပွဲစဉ် ၂ပွဲဆက် အနိုင်ရရှိပြီးနောက် ONE အမျိုးသမီး အက်တမ်ဝိတ်တန်းတွင် Angela Lee ပြီးနောက် ဒုတိယ နိုင်ပွဲအများဆုံး ရရှိထားသည့် ကစားသမား တစ်ဦးလည်း ဖြစ်လာခဲ့သည်။
Gaol သည် ဝူရှူးနှင့် နပမ်းအားကစားတို့ကို ကျွမ်းကျင်သည့်အပြင် မတ်တပ်ရပ်တိုက်ခိုက်ခြင်းတွင်လည်း ထူးချွန်သောသူဖြစ်သည်။ အကယ်၍ Stamp နှင့် Goal တို့တွေ့ဆုံပြီး Stamp အနိုင်ရရှိခဲ့ပါက အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ကို စိန်ခေါ်နိုင်မည့် အခွင့်အရေးမှာ အလွန်ပင် ပိုမိုနီးကပ်လာမည်ဖြစ်သည်။
Thanh Le
အမေရိကန်- ဗီယက်နမ် ကပြား Thanh Le သည် ၎င်း၏ ONE Championship တတိယနိုင်ပွဲအဖြစ် Ryogo “Kaitai” Takahashi ကို အလဲထိုးကာ နိုင်ပွဲဆက်စံချိန် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ Thanh Le အနေဖြင့် ONE ဖယ်သာဝိတ်တန်းတွင် ၎င်း၏ အရှေ့၌ရှိနေသည့် ပြိုင်ဘက်အားလုံးကို အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Martin “The Situ-Asian” Nguyen ထံ တစ်ဖြေးဖြေး နီးကပ်အောင်သွားမည်ဟု ပြောကြားခဲ့သည်။
Martin Nguyen ကလည်း ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လက်ရှိအချိန်အထိ ၃ကြိမ်တိုင်တိုင် ကာကွယ်ထားနိုင်ခဲ့ပြီး ၎င်း ဝိတ်တန်းတွင် အချိန်အကြာဆုံး ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ထားနိုင်သူအဖြစ် စံချိန်တင်ထားနိုင်ခဲ့သည်။
Liam Harrison
အသက် ၃၄ နှစ်အရွယ်ရှိ ဗြိတိန် ကစ်ဘောက်ဆင်နှင့် မွေထိုင်း ကစားသမား Liam “Hitman” Harrison သည် ONE Super Series ရဲ့ ပထမဆုံးနိုင်ပွဲကို ONE: A New Tomorrow ပြိုင်ပွဲတွင် ရရှိခဲ့သည်။ ဗြိတိန်နိုင်ငံသား ကစားသမားက လာမည့် ပြိုင်ပွဲတွင် မိမိအတွက် ကြိုးဝိုင်းထဲ ဝင်လာတဲ့ ပြိုင်ဘက် ကစားသမား မည်သူမဆို စိတ်လှူပ်ရှားမှူ အပြည့်နှင့် ရင်ဆိုင်သွားမည်ဟုဆိုသည်။
မည်သို့ဆိုစေကာမူ ONE Championship ပြိုင်ပွဲများတွင် တံတောင်ရိုက်ချက်များဖြင့် လက်စွမ်းပြနေသူ ထိုင်းနိုင်ငံသား “Elbow Zombie” Muangthai PK.Saenchaimuaythaigym နှင့် တွဲဆိုင်းပေးပါက ကြည့်ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်လာနိုင်သည်။
Raimond Magomedaliev
ရုရှားနိုင်ငံသား Raimond Magomedaliev သည် အမေရိကန်နိုင်ငံသား Joey “Mama’s Boy” Pierotti ကို ပထမအချီတွင်ပင် အနိုင်ယူပြီး ၎င်း၏ အစွမ်းကို ပရိသတ်အားလုံး အံ့အားသင့်အောင်ပြသနိုင်ခဲ့သည်။
Magomedaliev နှင့် ယှဉ်ပြိုင်ဖက်ဖြစ်သည့်သူ ဆိုပါက Yushin “Thunder” Okami သာလျှင် အသင့်တော်ဆုံး ပြိုင်ဘက်ဖြစ်ပေမည်။ Okami သည် ၎င်း၏ နောက်ဆုံး ပြိုင်ပွဲတွင် ONE ဝယ်သာဝိတ်တန်းတွင် နိုင်ပွဲ ၁၀ ပွဲတိတိရယူထားနိုင်သူ Agilan Thani ကို ဒိုင်ဆုံးဖြတ်ချက် အမှတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။