နယူးဒေလီ၊ အောက်တိုဘာ ၂၆ ။ ။ အောက်တိုဘာ ၂၆က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကို တစ်မိနစ်နီးပါးကြာ ခံစားခဲ့ရပြီး မြို့တော်အလယ်ရှိ အဆောက်အဦများ လှုပ်ခါသွားခဲ့သည်။
ငလျင်၏ ပမာဏမှာ ၇ဒသမ၅ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS) ကပြောသည်။
ငလျင်၏ ဗဟိုချက်မှာ ကဘူးလ်မြို့တော်မှ ကီလိုမီတာ ၂၅၀ကွာဝေးသော နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ဂျားမ်အနီး အနက် ၂၁၅ဒသမ၅ကီလိုမီတာတွင် ရှိသည်ဟု USGS ကပြောသည်။ မူလက ငလျင်၏ပြင်းအားကို ၇ဒသမ၆ဟု ၎င်းတို့က ခန့်မှန်းခဲ့သည်။
လှုပ်ခတ်မှုများကို ပါကစ္စတန်၏မြို့တော် အစ္စလာမ္မာဘတ်နှင့် အာဖဂန်မြို့တော် ကဘူးတို့ကအထိ ခံစားခဲ့ရသည်။ ငလျင်လှုပ်ခတ်မှုက ဟိမဝန္တာဒေသ ကက်ရှ်မီးယားတွင်လည်း ဖြစ်ပေါ်ခဲ့စဉ် ဒေလီရှိ အဆောက်အဦများရှိ လူရာပေါင်းများစွာလည်း လမ်းများပေါ်သို့ ပြေးထွက်လာခဲ့သည်ဟု အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသည်။
ပျက်စီးမှု ဒဏ်ရာရမှုတို့နှင့် ပတ်သက်၍ သတင်းများထွက်ပေါ်မလာသေးပေ။