ဇန်နဝါရီလ ၈ ။ ။ အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ အရှိန်မြင့်တက်နေခြင်းသည် အရှေ့အလယ်ပိုင်းတစ်လွှား လူသန်းပေါင်းများစွာအတွက် အကူအညီများ ပေးပို့ဖြန့်ဝေနေခြင်းကို ခြိမ်းခြောက်လျက်ရှိသည်ဟု နော်ဝေဒုက္ခသည်ကောင်စီက ဇန်နဝါရီ ၈ ရက်တွင် သတိပေးသည်။
“အရှေ့အလယ်ပိုင်းမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေသူ သန်းထောင်ပေါင်းများစွာ ရှိတယ်။ အများစုဟာ ပဋိပက္ခတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေ ခံစားနေကြရသူတွေဖြစ်တယ်။”ဟု ကောင်စီ၏ အကြီးအကဲ ဂျင်အီဂယ်လန်က ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် အီရန်က လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်စစ်တပ်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ တင်းမာမှုများ မြင့်တက်နေသည်။
ထို ဒုံးကျည်တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်တပ်ဖွဲ့ဝင် ၈၀ သေဆုံးသည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ထားသည်။