ကမ္ဘောဒီးယား အဆောက်အအုံ ပြိုကျမှု လူ လေးဦး သေဆုံး

ကမ္ဘောဒီးယား အဆောက်အအုံ ပြိုကျမှု လူ လေးဦး သေဆုံး

ဇန်နဝါရီ ၄ ။           ။ ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်းတွင် ဇန်နဝါရီ ၃ ရက်က ဆောက်လက်စ အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ပွား၍ အနည်းဆုံး လူ လေးဦး သေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အဆိုပါ ခုနစ်ထပ် အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

ပြိုကျသွားသည့် အဆောက်အအုံ အပျက်အစီးအပုံများအောက် ပိတ်မိနေသူများလည်း ရှိနေခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ညပိုင်းအထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Kep ပြည်နယ်တွင် ယင်းနေ့ ညနေ ၄ နာရီခွဲ ခန့်က ပြိုကျခဲ့သော ဆောက်လက်စ အဆောက်အအုံသည် ဟိုတယ်တစ်လုံး ဖြစ်ကြောင်း ပြည်တွင်း သတင်းများအရ သိရသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အဆိုပါ အဆောက်အအုံ ပြိုကျမှုဖြစ်ရာ နေရာသို့ ၎င်းကိုယ်တိုင် သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဖေ့ဘွတ်ခ်ကနေ ရေးသားသွားခဲ့သည်။

ယင်းနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းခွင် ဘေးကင်းရေးဆိုင်ရာ စည်းကမ်းပိုင်း ထိန်းသိမ်းကြပ်မတ်မှု အားနည်းလျက် ရှိပြီး ယခုကဲ့သို့ လူအများအပြား သေဆုံးသော မတော်တဆမှုဖြစ်စဉ်များ ယခင်ကလည်း ရံဖန်ရံခါ ဖြစ်ပွားထားခဲ့သည်။

ပြီးခဲ့သည့် ယမန်နှစ် ဇွန်လကလည်း ဆီဟာနောက်ခ်ဗီလီ မြို့တွင် ယင်းကဲ့သို့ ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၃၀ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားထားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly