ဇန်နဝါရီ ၃ရက် ။ ။ အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ရာသေဆုံးသူ ခရီးသည်၁၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
“ ပရိုဘောက်နဲ့ မုန်လုံခရီးသည်တင်ကားတို့ တိုက်မိတာပါ။ ပရိုဘောက်က အရင်ကျသွားတာ။ ပြီးတော့ ခရီးသည်ယာဉ်ပါ ချောက်ထဲကို ထပ်ပြုတ်ကျသွားတယ်။ ခရီးသည်တင်ကားကတော့ ဘယ်ကားမှန်း ခုထိ အတည်ပြုလို့ မရသေးဘူး။ အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်။ သေဆုံးသူကတော့ ၁၈ဦးလောက်အထိ ရှိနေပြီ။ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်” ဟု ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး ကပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အာရှလမ်းမကြီး မိုင်တိုင်အမှတ်(၁၅၈)နှင့် (၁၅၉)ကြားတွင် Probox ယာဉ်(၁)စီးနှင့် ခရီးသည်တင် မှန်လုံ Express ယာဉ်(၁)စီးတို့ ဇန်နဝါရီလ ၃ရက်နေ့ နံနက် ၁၀ခန့်က တိုက်မိပြီး ချောက်ထဲပြုတ်ကျခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သင်္ဃန်းညီနောင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦးတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းထုတ်ပြန်ချက်အရ Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၇)ဦး သေဆုံးပြီး ခရီးသည်တင် မှန်လုံ Express ယာဉ်ပေါ်ပါ (၃၅)ဦးအနက် (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁၅)ဦး သေဆုံးကြောင်း သိရသည်။