လိပ်ကျွန်းလူသတ်မှု ထိုင်းဘုရင်ထံ အသနားခံစာတင်ထားခြင်း တစ်နှစ်အတွင်း ဆုံးဖြတ်မည်

By ချမ်းငြိမ်း/မိုင်းယိုင်နီ
30 December 2019
လိပ်ကျွန်းလူသတ်မှု ထိုင်းဘုရင်ထံ အသနားခံစာတင်ထားခြင်း တစ်နှစ်အတွင်း ဆုံးဖြတ်မည်
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။            ။ သေဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုမှ  ဝင်းနှင့်ဇော်တို့ နှစ်ဦး၏ အသနားခံစာနှင့် ပတ်သက် ပြီး ထိုင်းဘုရင် မင်းမြတ်က တစ်နှစ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဝင်းနှင့်ဇော် လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးအောင်မျိုးသန့်က ပြောသည်။

၂၀၁၅ ခုနှစ်မှစတင်ကာ နောက်ဆုံး ထိုင်းဗဟိုတရားရုံးအထိ တရားရုံးအဆင့်ဆင့်မှ သေဒဏ်သုံးကြိမ် ချမှတ်ခဲ့ သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အသနားခံစာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီတို့မှ ဥပဒေပညာရှင်များ က  အသနားခံစာ တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မျိုးသန့်က “ကျွန်တော်တို့ဘက်က တင်တဲ့ တာဝန်တစ်ခု ပြီးသွားပါပြီ၊ သူတို့ဘက်ကနေ ဒါကို သုံးသပ် ဖို့ တစ်နှစ်အတွင်း အချိန်ယူတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ တင်လိုက်တဲ့ ဆုံးဖြတ် ထားတဲ့ အမိန့်ကို ဘာမှ ဆောင်ရွက်လို့ မရတော့ပါဘူး။ ဘုရင်မင်းမြတ်ဆီက အမိန့် မချမချင်းတော့ ဘာမှ ဆောင်ရွက်လို့ မရသေးပါဘူး။ အဲဒီတော့ ဘုရင်က ထောင်ဒဏ်ပြောင်းမယ်၊  ပြစ်ဒဏ် တစ်ခုခု ပြောင်းမယ် ဆိုရင် အဲဒီအချိန်ကျမှ ဆောင်ရွက်ခွင့် ရှိပါတယ်။ အဲဒီဟာက သူတို့နိုင်ငံရဲ့ ဥပဒေပါ၊  ဘုရင့်ဆီကို စာတင်တဲ့ နေ့ကစပြီးတော့ အကျုံး ဝင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ သေဒဏ် ချမှတ်ခံထားရသော အမှုများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ နှစ်ရှည် ထောင်ဒဏ်မျိုး ပြောင်းလဲ စီရင်သည့် အမှုများရှိကြောင်း သိရသည်။

ထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် သူတို့နှစ်ဦး၏ တခြား လိုအပ်ချက် ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ နှုန်းဖြင့် ဘတ်ငွေ ၁၆၀၀၀ ကို ထောင်အာဏာပိုင်များဆီ အပ်နှံ ပေးထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဗြိတိန်နိုင်ငံသား နှစ်ဦး ဖြစ်သည့် ဟန်နာဝှစ်ဒရိုက်နှင့် ဒေးဗစ်မီလာတို့ နှစ်ဦးကို သတ်ဖြတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မပြုကျင့်မှု စသည့် စွဲချက်များဖြင့် ထိုင်းရဲများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သေဒဏ်အမိန့်ချမှတ် ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly