ရခိုင်အမျိုးသားပါတီက ရန်ကုန်တွင် ရာနှုန်းပြည့်အောင်မြင်မည့် ထောက်ခံမှုရရှိထားဟုဆို

ရခိုင်အမျိုးသားပါတီက ရန်ကုန်တွင် ရာနှုန်းပြည့်အောင်မြင်မည့် ထောက်ခံမှုရရှိထားဟုဆို
အောက်တိုဘာလ ၂၅ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကျိုက္ကစံကွင်းတွင်ပြုလုပ်သည့် ရခိုင်အမျိုးသားပါ မဲဆွယ်စည်းရုံး ဟောပြောပွဲအား တွေ့ရစဉ်။ ဓာတိပုံဟောင်ဆာ(ရာမည)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။ ။ ရခိုင်အမျိုးသားပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်း ဝင်ရောက်သည့် လွှတ်တော်နေရာအားလုံးအတွက် လူထုထောက်ခံမှုရရှိထားသည်ဟု ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်အေးနုသိန်းက အောက်တိုဘာ ၂၅ရက် ရန်ကုန်တိုင်း၊ ကျိုက္ကဆံကွင်းတွင် ပြုလုပ်သည့် စည်းရုံးရေးဟောပြောပွဲအပြီး မဇ္ဈိမကို ပြောသည်။

"ကျွန်မတို့ ရန်ကုန်တိုင်းမှာ ၉၅ရာခိုင်နှုန်းထိအနိုင်ရရှိမည်လို့ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀တုန်းကတော့ ရန်ကုန်မှာ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာအနိုင်ရရှိခဲ့တယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ ရခဲ့တဲ့လွှတ်တော် နေရာနဲ့အတူ ကျွန်မတို့ပါတီက ဝှိုက်ကဒ်လိုကိစ္စမျိုးတွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်" ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီက အောက်တိုဘာ ၂၅ရက်၊ နေ့လည် ၁၂နာရီမှ ညနေ ၆နာရီထိ၊ ရန်ကုန်တိုင်းအတွင်းမှ ရွေးကောက်ပွဲဝင်ရောက်သည့် ကိုယ်စားလှယ်လောင်းများကို မိတ်ဆက်ခြင်း၊ ရခိုင်တေးသီးချင်းများဖြင့် ဖျော်ဖြေခြင်းတို့ကို ကျိုက္ကဆံကွင်းတွင်ပြုလုပ်ခဲ့သည်။

"၂၀၁၀မှာတုန်းက ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့ အစိုးရလုပ်ပေးခဲ့တာက အတိုင်းအတာတစ်ခုအထိပဲရှိတယ်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲပြီးလို့ ပါတီကအနိုင်ရရင် ရခိုင်ပြည်ဖွံ့ဖြိုးရေး၊ ရခိုင်တိုင်းရင်းသားတွေအရေးကို အဓိကထားလုပ်ဖို့ မျှော်မှန်းထားတယ်။" ဟု ဒေါ်အေးနုသိန်းကဆိုသည်။

အောက်တိုဘာ ၂၅ရက်တွင်ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးဟောပြောပွဲတွင် ရန်ကုန်တိုင်းအတွင်း ဝင်ရောက်မည့်ကိုယ်စားလှယ်များနှင့် ရခိုင်လူထုကို မိတ်ဆက်ပေးပြီး၊ ပါတီအောင်နိုင်ရေး အလံကို ကိုယ်စားလှယ်လောင်းများထံ ပါတီဗဟိုဌာနချုပ် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာတို့ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နေရာအားလုံးနှင့် ရန်ကင်းမှ ပြည်သူ့လွှတ်တော်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်ထားသည်။

ရခိုင်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP နှစ်ခုပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖြစ် မဖွဲ့စည်းမှီ RNDP က ၂၀၁၀ရွေးကောက်ပွဲမှ လွှတ်တော်နေရာ ၃၅ခုအနိုင်ရရထားသည်။

၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီက တစ်နိုင်ငံလုံးပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့၏ နေရာပေါင်း ၇၇နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီလည်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly