ယခုနှစ်၌ YouTube မှနေ၍ အမေရိကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝင်ငွေအများဆုံးရရှိသည့် ရှစ်နှစ်ကလေးငယ်

ယခုနှစ်၌ YouTube မှနေ၍ အမေရိကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝင်ငွေအများဆုံးရရှိသည့် ရှစ်နှစ်ကလေးငယ်

ရှစ်နှစ်အရွယ် ရိုင်ယန်ကာဂျီက ၂၀၁၉ တွင် သူ့၏ YouTube ချန်နယ်မှနေ၍ အမေရိကန်ဒေါ်လာ ၂၆ သန်း ဝင်ငွေရရှိပြီး YouTube ပလက်ဖောင်းတွင် အများဆုံး ဝင်ငွေရရှိသူဖြစ်လာကြောင်း Forbes မဂ္ဂဇင်းက ဒီဇင်ဘာ ၁၈ ရက်၌ ဖော်ပြသည်။

အမည်ရင်း ရိုင်ယန်ဂူအန်ဖြစ်သည့် ကာဂျီသည် ၂၀၁၈ ခုနှစ်ကလည်း YouTube ပလက်ဖောင်းမှ အမေရိကန်ဒေါ်လာ ၂၂ သန်းဖြင့် ဝင်ငွေအမြင့်ဆုံး ရရှိထားသူဖြစ်ကြောင်း Forbes က ဖော်ပြသည်။

ရိုင်ယန်၏ မိဘများက ၂၀၁၅ ခုနှစ်တွင် စတင်ပေးလိုက်သည့် ရိုင်ယန်၏ Ryan’s World ချန်နယ်သည် သက်တမ်းသုံးနှစ်တာ ကာလသာ ရှိသေးသော်လည်း subscribers ပေါင်း ၂၂ ဒသမ ၉ သန်း ရရှိထားသည်။

အစောပိုင်း၌ Ryan ToysReview ဟု နာမည်ပေးခဲ့သော ၎င်း၏ ချန်နယ်သည် ရိုင်ယန်က ကစားစရာ ဘူးကို ဖွင့်ပြီး အရုပ်များနှင့် ကစားသည့် ဗီဒီယိုများကို အများဆုံးတင်သည့် ချန်နယ်ပဲ ဖြစ်သည်။

တစ်ချို့သော ဗီဒီယိုများဆိုလျှင် ကြည့်ရှုသူပေါင်း တစ်ဘီလီယံအထိ ရှိခဲ့ပြီး ချန်နယ်အနေဖြင့် စတင်တည်ထောင်ချိန်မှစကာ ကြည့်ရှုသူ ၃၅ ဘီလီယံအထိ ရရှိထားကြောင်း ဝက်ဘ်ဆိုက်သုတေသနအဖွဲ့ Social Blade ၏ အချက်အလက်များအရ သိရသည်။

Forbes ၏ အဆင့်သတ်မှတ်ချက်အရ YouTube မှ ဝင်ငွေအများဆုံး ရသည့် ရိုင်ယန်၏ ချန်နယ်ပြီးလျှင် ဒုတိယမှာ တက္ကဆက်မှ သူငယ်ချင်းတစ်သိုက် တည်ထောင်သော Dude Perfect ဆိုသည့် ချန်နယ်ဖြစ်သည်။

ယင်းချန်နယ်တွင် အဆောက်အအုံ အမိုးပေါ်မှ၊ ရဟတ်ယာဉ်ပေါ်မှနေ၍ အောက်ဖက် အဝေးက ဘတ်စကက်ဘောကို ခြင်းထဲ ဝင်အောင် လှမ်းပစ်ပြသည့် ဗီဒီယိုကဲ့သို့သော ရင်သပ်ရှုမောဖြစ်ဖွယ် ဗီဒီယိုများကို တင်သည့် ချန်နယ်ဖြစ်သည်။

ယင်းချန်နယ်၏ ၂၀၁၈ ဇွန် ၁ ရက်မှ ၂၀၁၉ ဇွန် ၁ ရက်အထိ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိပြီး ဒုတိယလိုက်ခြင်း ဖြစ်သည်။ တတိယဝင်ငွေအကောင်းဆုံးအဖြစ် ရုရှနိုင်ငံမှ ငါးနှစ်သမီးလေး အန်နက်စ်တာစီယာ၏ Like Nastya Vlog နှင့် Funny Stacy ချန်နယ်များဖြစ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈ သန်း ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly