ဒီဇင်ဘာ ၁၆။ ။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ရည်ရွယ်ကာ မေမေ ပရဟိတဖောင်ဒေးရှင်း အခမဲ့ ပညာဒါနကျောင်းမှ လာမယ့်နှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် နည်းပညာသင်တန်းများကို အခမဲ့ ပို့ချပေးသွားမည် ဖြစ်ကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်တန်းများ အနေဖြင့် LCCI level 1,2 ၊ HR Management ၊ Marketing Management ၊ General Management ၊ Chinese Speaking နှင့် English Language Courses များကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။
တက်ရောက်လိုသူများအနေဖြင့် မေမေပရဟိတဖောင်ဒေးရှင်း အခမဲ့ ပညာဒါနကျောင်း တည်ရှိရာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉လမ်း၊ အောင်ဆန်းလမ်းထောင့်တွင် ဒီဇင်ဘာ ၁၄ရက်မှ ၂၂ရက်နေ့အထိ လာရောက် လျှောက်ထားနိုင်သလို သိရှိလိုသည်များကို ဖုန်း ၀၉-၄၅၆ ၄၅၆ ၀၀၅ ၊ ၀၉-၇၈၉ ၉၉၇ ၆၁၄ တို့ထံ ဆက်သွယ်စုံစမ်းနိုင်သည်။
ဖွင့်လှစ်မည့် သင်တန်းများမှ ထူးချွန်သူများကို ပညာများဆက်သင်ကြားနိုင်ရန် ပညာသင်စရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း ချိတ်ဆက်ရှာဖွေပေး သွား မည်ဖြစ်ကြောင်း မေမေ ပရဟိတ ဖောင်ဒေးရှင်း အခမဲ့ ပညာဒါနကျောင်း တာဝန်ခံ မဝင်းစန္ဒာက ပြောသည်။
မေမေပရဟိတ ဖောင်ဒေးရှင်းကို ၂၀၁၅ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်မည့် အခမဲ့ ပညာဒါန သင်တန်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။သင်တန်းသို့ လာရောက် လျှောက်ထားသူ တစ်ဦးဖြစ်သည့် မမြတ်ရတနာကျော်က “ကျွန်မက အင်္ဂလိပ်စာအနေနဲ့ လာတက်မှာဆိုတော့ လုပ်ငန်းခွင်မှာရော၊ ဘဝတိုးတက်မှုအရရော အထောက်အပံ့ဖြစ်မယ်ထင်လို့ လာဆက် သွယ်တာ” ဟု ဆိုသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/