ဘီလျံချီသည့် ကျောက်စိမ်းကုန်သွယ်မှုရငွေများ စစ်ဘက်ပုဂ္ဂိုလ်များနှင့် မူးယစ်ရာဇာများ ထိန်းချုပ်ထားဟုဆို

ဘီလျံချီသည့် ကျောက်စိမ်းကုန်သွယ်မှုရငွေများ စစ်ဘက်ပုဂ္ဂိုလ်များနှင့် မူးယစ်ရာဇာများ ထိန်းချုပ်ထားဟုဆို

 

 

 

 

မြန်မာနိုင်ငံ၏ ကြီးမားလှသည့် ကျောက်စိမ်း ကုန်သွယ်မှုကို စစ်ဘက်အထက်လွှာများ၊ မူးယစ်ရာဇာများနှင့် စစ်အုပ်ချုပ်မှု၏ အဆိုးရွားဆုံး နေ့ရက်များနှင့် ဆက်နွှယ်သည့် ခရိုနီကုမ္ပဏီများ ကွန်ရက်က လျှို့ဝှက်စွာ ချုပ်ကိုင်နေကြောင်း Global Witness ၏ ၁၂လကြာ စုံစမ်းစစ်ဆေးမှုက အောက်တိုဘာ ၂၃ တွင် ဖော်ထုတ်လိုက်သည်။

နိုဝင်ဘာ ၈ တွင်ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာစဉ် Jade: Myanmar's Big State Secret ဟု အမည်ပေးထားသော အစီရင်ခံစာ ထွက်ပေါ်ခဲ့သည်။ အစီရင်ခံစာတွင် ပွင့်လင်းမျှတသော အနာဂတ်ကာလတွင် နေရာမရတော့မည့် အထက်တန်းလွှာများသည် ဒေါ်လာ ဘီလျံများစွာတန်ဘိုးရှိသော ကျောက်စိမ်းမှ နိုင်ငံရေး လာဘ်ငွေရရှိနေသည်ဟု ဖော်ပြသည်။ ယင်းသို့ဖြစ်နေမှုက မြန်မာ အစိုးရအဖွဲ့တွင်းမှ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် နိုင်ငံတကာ မိတ်ဖက်များ အထူးသဖြင့် အမေရိကန်တို့အတွက် ကျယ်လောင်သော သတိပေးခေါင်းလောင်းသံ ဖြစ်သည်ဆိုသည်။

Global Witness ၏ အသစ်တွေ့ရှိချက်များနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုမှ ရရှိသောတန်ဘိုးမှာ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန် ၃၁ဘီလျံအထိရှိသည်။ ယင်းပမာဏမှာ နိုင်ငံ ဂျီဒီပီ၏ ထက်ဝက်နီးပါးရှိပြီး ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆပိုများနေသည်။ သို့သော်လည်း ဒေသခံပြည်သူလူထုမှာ အကျိုးကျေးဇူးမခံစားရပေ။ 

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် အာဏာရပါတီမှ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည့် ဝန်ကြီးဦးအုံးမြင့်နှင့် ဦးမောင်သိမ်းအပါအဝင် အခြားသော ပုဂ္ဂိုလ်ကြီးများ၏ မိသားစုများမှာ ကျောက်စိမ်းလုပ်ငန်းတွင် အဓိက ပါဝင် ပတ်သက်နေသည်ကို အစီရင်ခံစာက ဖော်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်သည် ယင်းတို့၏လုပ်ငန်းများနှင့် ကချင်ပြည်နယ်ရှိ အရာရှိများ ဦးစီးသော စီမံကိန်းတစ်ခုတို့မှ ကျောက်စိမ်းလုပ်ငန်း၏ အလွန်ကြီးမားသော ဝေစုကို ရယူနေသည့်တိုင် အမေရိကန်က ပိတ်ဆို့ထားသော မူးယစ်ရာဇာ ဝေဆူးကျန်မှာ ရှေ့တန်းရောက် ကုမ္ပဏီများ ကွန်ရက်နောက်ကွယ် ကြီးမားသော ကဏ္ဍတွင် ပါဝင်နေသည်ဟု အစီရင် ခံစာက ဆိုသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းသည် ခေတ်သစ် သမိုင်းတွင် ခိုးယူခံရသော အကြီးမားဆုံး သဘာဝရင်း မြစ်ဖြစ်နိုင်သည်။ သို့သော်လည်း ကျောက်စိမ်းလုပ်ငန်းက အလွန်ခြားနားသော အရှိတရား တစ်ခုကို ထုတ်ဖော်ပြသနေသည်ဟု Global Witness မှ ဂျူမန်ကပ်ဘာက ပြောသည်။

“ဒီကြီးမားတဲ့ လုပ်ငန်းကို ဆိုးဝါးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်စုရယ်၊ အမေရိကန်က ပိတ်ဆို့ထားတဲ့ မူးယစ်ရာဇာတွေက သေနတ်တွေနဲ့ ထိန်းချုပ်နေဆဲ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကုမ္ပဏီတွေနဲ့ ကိုယ်စားပိုင်ဆိုင်သူတွေရဲ့ နောက်မှာ ဖုံးကွယ်နေတဲ့ အဲဒီ အထက်လွှာတွေဟာ ကြီးမားတဲ့လုပ်ငန်းရဲ့ အကောင်းဆုံးအပိုင်းကို ရယူနေကြပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေကတော့ ထိတ်လန့်ဖွယ် အလွဲသုံးစားလုပ်ခံနေရပြီး သူတို့ရဲ့ သဘာဝအမွေမှာ ခြေထောက်အောက်မှ လိမ်ညာခိုးယူခံနေရပါတယ်” ဟု ပြောသည်။

ကျောက်စိမ်းလုပ်ငန်းက ကျောက်စိမ်းတူးဖော်နေသော ကချင်ပြည်နယ်၏ သဘာ၀ ပတ်ဝန်းကျင်နှင့် ပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက် စေလျက်ရှိသည်။ ကျောက်စိမ်းတွင်းများ ပတ်ပတ်လည်ရှိ အခြေအနေများမှာ သေစေနိုင်သည်အထိ အန္တရာယ်ကြီးမားနေပြီး မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းမှာလည်း ပုံမှန်ရှိနေသည်။

ကျောက်စိမ်းတူးယူမည့် ဂန်းများ၊ စက်ယန္တရားများ၏ လမ်းတွင်ရှိနေသူများမှာ မြေသိမ်းခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

 ကချင်ပြည်နယ်ရှိ လူတစ်ဦးအတွက် ကျောက်စိမ်းမှ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၁,၀၀၀ထိရရှိနိုင်သော်လည်း ဒေသခံများမှာ လုပ်ငန်းမှ စနစ်တကျ ချွင်းချန်ပယ်ရှားခံနေရသည်။ အသက်မွေးမှု ဆုံးရှုံးခြင်းနှင့် ကြီးမားသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက တည်ငြိမ်မှု မရှိသောဒေသတွင် ဆူပူမှုနှင့် မကျေနပ်မှုများကို မီးမွှေးပေးလျက်ရှိသည်။

ကျောက်စိမ်းသည် ဗဟိုအစိုးရနှင့် ကေအိုင်အေကြား အပြင်းထန်ဆုံးသော လက်နက်ကိုင် ပဋိပက္ခကို မောင်းနှင်လျက်ရှိသည်။ ကျောက်စိမ်း လုပ်ငန်းက စစ်ပွဲတစ်ခုတွင် နှစ်ဖက် စလုံးအတွက် ငွေကြေးများ ထုတ်ပေးလျက်ရှိသည်။ ၂၀၁၁ခုနှစ်ကတည်းက စခဲ့သော တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီး လူ ၁၀၀,၀၀၀ခန့်မှာ အိမ်ရာပစ်၍ ထွက်ပြေး ခဲ့ရသည်။

အကယ်၍ ကျောက်စိမ်းလုပ်ငန်းသာ ပိုမိုပွင့်လင်း၍ မျှတမှုရှိလာပါက ယခုကဲ့သို့ မတရားရယူရန် မဖြစ်နိုင်သည့်အတွက် မတရားရရှိထားသော ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် တပ်မှူးများနှင့် အစိုးရအဖွဲ့တွင်းမှ သဘောထားတင်းမာသူတို့မှာ ပဋိပက္ခကို ရှည်ကြာစေရန် ဆန္ဒရှိနိုင်သည်။

ကချင်ပြည်နယ်၏ ကျောက်စိမ်းမှ မည်သူစီမံခန့်ခွဲပြီး အကျိုးအမြတ်ရနေသနည်းဆိုသည့် မေးခွန်းကို ယခုဖြေဆိုရမည်ဖြစ်ပြီး ပဋိပက္ခကို အဆုံးသတ်ရန် ကျယ်ပြန့်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တည်ဆောက်ရမည်ဟု အစီရင်ခံစာက ရေးသားထားသည်။

"အစီရင်ခံစာက ဖော်ထုတ်ခဲ့တဲ့ အခြေအနေက ကြောက်မက်ဖွယ်ကောင်းပေမဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်းကတော့ အမှန်တကယ်ရှိပါတယ်။ အဆောတလျင် အရေးယူဆောင်ရွက်ဖို့လည်းလိုပါတယ်။ ငြိမ်းချမ်းရေး စေ့စပ်ညိနှိုင်းမှုပြုလုပ်မှုတွေနဲ့အတူ အစိုးရအဖွဲ့ထဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေဟာ ခြစားမှုနဲ့ ရေနံ၊သဘာဝဓါတ်ငွေ့နဲ့မိုင်းတွင်းကဏ္ဍတွေမှာ အလွဲသုံးစားမှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာအစီအစဉ်တစ်ခုဖြစ်တဲ့ EITI စာချုပ်ကို လွန်ခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

EITI က ပြောင်းလဲရေးအတွက် လက်ခံယုံကြည်လောက်တဲ့ မူဘောင်တစ်ခုကို ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလုပ်ငန်းမှာ အရာရှိတွေက EITI ရဲ့ထောက်ခံချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပြည့်ပြည့်၀၀အကောင်အထည်မဖော်ရင် လုပ်ငန်းစဉ်က့အတုအယောင်ဖြစ်မဲ့ အန္တရာယ်ရှိပါတယ်"ဟု ဂျူမန်ကပ်ဘာက ပြောသည်။ 

ကျောက်စိမ်းမှာ မြန်မာတွင် အမေရိကန်နိုင်ငံခြားရေးပေါ်လစီ၏ အဓိကစမ်းသပ်ချက်တစ်ရပ်ဖြစ်သည်။ အမေရိကန်တွင် မြန်မာအစိုးရနှင့် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများတွင် မိတ်ဖက်ဆက်ဆံမှုရှိပြီး EITIက အဓိကပံ့ပိုးသူဖြစ်သည်။ ကျောက်စိမ်းကဏ္ဍတွင် အထူးပိတ်ဆို့ဒဏ်ခတ်မှုများရှိသည်။ ယင်းပိတ်ဆို့မှုများကို ဦးသန်းရွှေလက်ထက်က အလွဲသုံးစားလုပ်သော စစ်အစိုးရအဖွဲ့ဝင်များအပေါ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းတို့ထဲမှ အများအပြားမှာ ယနေ့ ကျောက်စိမ်းလုပ်ငန်းကို ကြီးစိုးနေဆဲဖြစ်သည်။ မူးယစ်ဆေးဝါးမှုတွင် ပတ်သက်၍ အမေရိကန်က ပိတ်ဆို့နေသူများလည်း ကျောက်စိမ်းလုပ်ငန်းကို ကြီးစိုးနေသည်။ 

အမေရိကန်နှင့် မြန်မာ၏ အခြားပါတနာများအနေဖြင့် ကျောက်စိမ်းလုပ်ငန်းပြုပြင်ပြောင်းလဲမှုများအတွက် ပိတ်ဆို့မှုရုပ်သိမ်းခြင်းနှင့် အနာဂတ်အကူအညီပေးမှုများကို စစ်ဆေးအကဲဖြတ်သင့်သည်ဟု အစီရင်ခံစာက စောဒကတက်ထားသည်။ ယင်းပြုပြင်ပြောင်းလဲမှုများက လုပ်ငန်းအား ထိန်းချုပ်ခြင်းနှင့် အကျိုးအမြတ်များမျှဝေခြင်းတို့ကို ကချင်ပြည်နယ်နှင့် ပို၍ညီမျှစွာလုပ်ဆောင်မှုကို ဦးစားပေးရမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ 

"ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေနဲ့ သက်တမ်းနုနယ်သေးတဲ့ တူးဖော်ထုတ်ယူလုပ်ငန်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ အမေရိကန်ဟာ ကျောက်စိမ်းကို စစ်တပ်၊ ခရိုနီတွေနဲ့ မူးယစ်ရာဇာတွေရဲ့လက်ကနေ ရယူနိုင်ဖို့ အထူးနေရာကရှိနေပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲတွေကနေ ပေါ်ထွက်လာမဲ့ အစိုးရသစ်နဲ့ မိတ်ဖက်ဖြစ်ဖို့အတွက် အမေရိကန်ဟာ ဦးစားပေးတစ်ခုအနေနဲ့ ဒါကိုလုပ်ရမှာ ဖြစ်ပါတယ်"ဟု ဂျူမန်ကပ်ဘာက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly