ဒီဇင်ဘာ ၁၂။ ။ ပျောက်ဆုံး ချီလီစစ်လေယာဉ်မှဟု ယူဆရသည့် အပျက်အစီး အပိုင်းအစတစ်ချို့ကို ရှာဖွေတွေ့ရှိထားကြောင်း ချီလီ စစ်တပ်က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
ချီလီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သားများသည် ပင်လယ်ပြင်တွင်း မျောပါနေသော အပိုင်းအစများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိထားပြီး၊ ယင်းတို့သည် ပျောက်ဆုံး စစ်လေယာဉ်မှ အပျက်အစီးများဖြစ်သည်ဟု ယုံကြည်ရကြောင်း တာဝန်ရှိသူများက ပြောသည်။
လူ ၃၈ ဦးလိုက်ပါသွားသည့် ချီလီ စစ်ဘက်သုံးလေယာဉ် C-130 သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က အန္တာတိကရှိ စစ်အခြေစိုက်စခန်းတစ်ခုဆီ ဦးတည်ပျံသန်းသွားခဲ့စဉ် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်ကို ရေဒါတွင် နောက်ဆုံးဖမ်းယူသိရှိခဲ့ရသည့် တည်နေရာမှ ၃၀ ကီလိုမီတာအကွာ ပင်လယ်ပြင်တစ်နေရာတွင် ယခု အပိုင်းအစများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ချီလီ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး အက်ဒွါဒို မော့စ်ကွေရာက ပြောသည်။
ယခု တွေ့ရှိထားသော အပျက်အစီး အပိုင်းအစများသည် အဆိုပါ C-130 လေယာဉ်၏ အစိတ်အပိုင်းများ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ထပ်လောင်းပြောသွားသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/