ရုရှားနိုင်ငံကို အိုလံပစ်အပါအဝင် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ခွင့် (၄)နှစ် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA)

ရုရှားနိုင်ငံကို အိုလံပစ်အပါအဝင် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ခွင့် (၄)နှစ် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA)
Photos: EPA

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA)က တားမြစ်ဆေးအရှုပ်တော်ပုံကြောင့် ရုရှားနိုင်ငံကို ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ ၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွေအပါအဝင် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ကို တနင်္လာနေ့က ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၉ ဇန်နဝါရီလအတွင်းက ရုရှားနိုင်ငံတားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ (RUSADA)က အားကစားသမားတွေကို စစ်ဆေးထားတဲ့ ဓာတ်ခွဲခန်းအချက်အလက်တွေကို အတုပြုလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တဲ့အပေါ် စွဲချက်တင်ပြီး ဆုံးဖြတ်ခဲ့တာပါ။

"အကြံပြုချက်တွေ အပြည့်အစုံကို တညီတညွတ်တည်း လက်ခံခဲ့ပါတယ်။"လို့ WADA ပြောရေးဆိုခွင့်ရှိသူ James Fitzgerald က လော်ဆိန်းမြို့မှာ ပြုလုပ်တဲ့ အေဂျင်စီရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။

WADA က ရုရှားတားမြစ်ဆေးအရှုပ်တော်ပုံမှာ နိုင်ငံတော်အဆင့်ကပါ ပါဝင်ပတ်သက်နေတယ်လို့ ယူဆခဲ့ပြီး ပိတ်ပင်တားဆီးမှုများကို ပြုလုပ်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်က အားကစားသမားတွေကို သက်ညှာတဲ့အနေနဲ့ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပြန်လည် အရေးယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားကစားသမားတွေအနေနဲ့တော့ တားမြစ်ဆေးအရှုပ်တော်ပုံနဲ့ ပတ်သတ်ခြင်း မရှိတာကို သက်သေပြနိုင်ရင်တော့ ကြားနေနိုင်ငံတစ်ခုကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

ဆိုချီမှာ ကျင်းပတဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တားမြစ်ဆေး သုံးစွဲတာတွေကို ရုရှားအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ဖုံးကွယ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး WADA ရဲ့ စုံစမ်းရေးမှူးလည်းဖြစ်၊ ကနေဒါနိုင်ငံက ဥပဒေ ပါမောက္ခ Richard McClaren က ၂၀၁၆ ခုနှစ်က အစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ နာမည်ကျော် တားမြစ်ဆေးအရှုပ်တော်ပုံကြောင့် ကမ္ဘာ့အားကစားလောကကနေ သုံးနှစ်ပိတ်ပင်ခံခဲ့ရဖူးပါတယ်။

WADA ဟာ ပြစ်ဒဏ်အတွက် အယူခံဝင်ဖို့ ရုရှားကို (၂၁)ရက် အချိန်ပေးထားပြီး ရုရှားဘက်ကသာ အယူခံဝင်မယ်ဆိုရင် ဒီကိစ္စဟာ နိုင်ငံတကာအားကစားသမာဓိခုံရုံး (CAS)ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

 "ဒီပြစ်ဒဏ်ဟာ ရုရှားတားမြစ်ဆေး အရှုပ်တော်ပုံကို ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့ အေဂျင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြသနေတယ်။ ဒါပေမယ့် ဒီပိတ်ပင်ပြစ်ဒဏ်တာဟာ လုံလောက်မှုပင်မရှိသေးဘူး"လို့ WADA ရဲ့ ဒုဥက္ကဋ္ဌ လင်ဒါဟယ်လီလန်းက ပြောဆိုသွားပါတယ်။

WADA က အခုလို တားမြစ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ရုရှားနိုင်ငံဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၀ ယူရိုဖလားပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required