မန္တလေး၊ ဒီဇင်ဘာ ၄ ။ ။ မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်းနှင့် ၆၅ လမ်းအကြားတွင် အိုးဘိုထောင်သို့ ပို့ဆောင်မည့် အချုပ်သားများတင်ဆောင်လာသော အချုပ်ကားတစ်စီးသည် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီးနောက် လမ်းကြောင်းပြောင်းကာ ဆိုင်ကယ်တစ်စီးကို ထပ်မံတိုက်ခဲ့မှု ဒီဇင်ဘာ ၃ ရက်နေ့က ဖြစ်ပွားသည်။
ကျောက်ဆည်ရဲတပ်ဖွဲ့ပိုင် အချုပ်ကားသည် အချုပ်သား ၁၈ ဦးနှင့် ရဲလုံခြုံရေး ကိုးဦး ကို တင်ဆောင်မောင်းနှင်လာစဉ် နံနက် ၉ နာရီခန့်တွင် ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးအမျိုးသမီးအပါအဝင် လူ ရှစ် ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
`` အရှိန်မထိန်းနိုင်ပဲ ဖြစ်သွားတာပါ၊ အခုဖြစ်စဉ်မှာ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့အတွက် ရဲတပ်သား ယာဉ် မောင်းအမှုဖွင့်လှစ်ထားရှိပြီဖြစ်ပါတယ်၊ ယာဉ်တိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့အထဲမှာ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ သူမပါဝင်ပါဘူး၊``ဟု အမှတ် (၁)ရဲစခန်းက တာဝန်ကျရဲအရာရှိကပြောသည်။
ဒဏ်ရာရရှိသူများ မစိုးရိမ်ရဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုဖြစ်စဉ်အတွက် ယာဉ်မောင်းကို အခင်းဖြစ်ပွားရာနေရာဖြစ်သော အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) ရဲစခန်းမှာ ယာဉ်(ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်လှစ် ထားရှိကြောင်းသိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/