နိုဝင်ဘာ ၉။ ။ သြစတြေးလျနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ပျံ့နှံ့လောင်ကျွမ်းနေလျက် ရှိသော တောမီးများကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး ဒေသခံ ထောင်နှင့်ချီတို့လည်း နေအိမ်များကနေ စွန့်ခွာထွက်ပြေးခဲ့ ကြရကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးသတ်သမားများအနေဖြင့်လည်း တောမီးလောင်ကျွမ်းရာ နေရာတစ်ချို့ကို အရောက်သွားနိုင်ခြင်း မရှိသေးသည့်အတွက် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ဖွယ်လည်း ရှိနေသည်။
အဆိုပါ မကြုံစဖူး များပြားလှသည့် တောမီးများကြောင့် လူနေအိမ် အလုံး ၁၅၀ ခန့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်ကတည်းက စလောင်ခဲ့သော တောမီးများကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများ ဝိုင်းဝန်းငြိမ်းသတ်နေကြရလျက် ရှိသော်လည်း ထိန်းချုပ်နိုင်ရန် ခက်ခဲနေလျက် ရှိသည်။
တောမီးများကြောင့် လူပေါင်း ၃၀ ကျော်ခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း၊ ပျောက်ဆုံးနေသူများစွာ ရှိနေကြောင်း သိရသည်။
နေရာအသီးသီးတွင် လောင်ကျွမ်းနေလျက်ရှိသော တောမီးအရေအတွက် ၁၀၀ ခန့်ကို မီးသတ်သမား ၁,၃၀၀ ခန့်နှင့် ဝိုင်းငြိမ်းနေရလျက် ရှိပြီး လိုအပ်ပါက စစ်တပ် အကူအညီပါ ခေါ်ယူရမည်ဟု သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ပြောထားသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/