အာချေးပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းကို အာဏာပိုင်များဖြိုချ

အာချေးပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းကို အာဏာပိုင်များဖြိုချ

အာချေးဆင်ကီလ်၊ အောက်တိုဘာ ၁၉ ။            ။ လွန်ခဲ့သည့် သီတင်းပတ်က အာချေးပြည်နယ်တွင် ကြောက်မက်ဖွယ် ဘာသာရေးအကြမ်းဖက်မှုဖြစ်ပေါ်ပြီးနောက် မွတ်စလင်သဘော ထားတင်းမာ သူများ၏ တောင်းဆိုမှုကြောင့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းကို အောက်တိုဘာ ၁၉က ဖြိုပစ်လိုက်ကြသည်။

ဒေသခံ အစိုးရလုံခြုံရေးအရာရှိများသည် အာချေးဆင်ကီလ်အရပ်ရှိ သေးငယ်သော ပရိုတက်စတင့်ကျောင်းနှစ်ကျောင်းနှင့် ကက်သလစ်ကျောင်းတစ်ကျောင်းကို ကျောက်ခွဲတူကြီးများကို အသုံးပြု၍ ဖြိုချစဉ် ခရစ်ယာန်ဘာသာဝင်များမှာ ရပ်ကြည့်ကာ ငိုကြွေးနေခဲ့ကြသည်။

"ခရစ်ယာအသိုင်းအဝိုင်းနဲ့ ပူးတွဲသဘောတူချက်ရထားတဲ့ အတွက် ဖြိုချနေတုံးမှာ ပြသနာမရှိပါဘူး"ဟု ဒေသခံအရာရှိ အက်ဘ်ဒူလ်မာနတ်က အေအက်ဖ်ပီသို့ ပြောသည်။ ခရစ်ယာန်ဘုရားကျောင်းများ ဖြိုချရခြင်း၏ အကြောင်းရင်းအဖြစ် ဆောက်လုပ်ခွင့် ပါမစ်များမရှိကြောင်း ကိုးကားကာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွတ်စလင်အသိုင်းအဝိုင်းနှင့် ခရစ်ယာန်အသိုင်းအဝိုင်းကြား အစည်းအဝေးများပြုလုပ်ပြီးနောက် လာမည့်ရက်များအတွင်း နောက်ထပ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းခုနှစ်ကျောင်း ဖြိုချဦးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ရာပေါင်းများစွာသော တုတ်များကိုင်ဆောင်ထားသည့် လူအုပ်ကြီးက ယင်းဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဖြိုချပြီးနောက် ခရစ်ယာဘာသာ ဝင်များကိုတိုက်ခိုက်၍ တစ်ဦးသေကာ လေးဦးဒဏ်ရာ ရရှိပြီးနောက် တစ်ပတ်အကြာ ယခုကိစ္စပေါ်လာခြင်းဖြစ်သည်။

ထို့နောက်ယင်းနေရာတွင် တည်ငြိမ်မှုရှိရေးအတွက် ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများချထားပြီးနောက် လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာကို ဒေသခံအစိုးရက ဖြိုချပစ်ရန် အစ္စလာမ္မစ်လူငယ်အဖွဲ့တစ်ဖွဲ့က ယခုလအစောပိုင်းက တောင်းဆိုပြီးနောက် အကြမ်းဖက်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အာချေးပြည်နယ်သည် အစ္စလာမ္မစ်ဥပဒေကို အကောင်အထည်ဖော်ခွင့်ရထားသော အင်ဒိုနီးရှား၏ တစ်ခုတည်းသောပြည်နယ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly