အောက်တိုဘာ ၂၃၊ ရန်ကုန် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာ(၈)ရပ်ကွက်တွင် တည်ဆောက်မည့် စက်မှူလက်မှူသိပ္ပံကျောင်း မြေေနရာ နှင့်ပတ်သက်၍ အဆိုပါမြေနေရာတွင် ဘိုးဘွားစဉ်ဆက် စိုက်ပျိုးရေးလုပ်ကိုင်ခဲ့သည့် လယ်သမားခြောက်ဦးနှင့် ပဲခူးတက္ကသိုလ် အခွင့်အာဏာပိုင်များအကြား မြေယာအငြင်းပွားမှု ဖြစ်ပေါ်နေကြောင်း အောက်တိုဘာလ(၂၂)ရက်နေ့ကမြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ကျောင်းတည်ဆောက်ရန် လျာထားသည့် မြေ(၁၆၀)ဧကမှာ ပဲခူးတက္ကသိုလ်ပိုင် မြေဧက(၇၀၀)ကျော်မှ လွဲပြောင်းထားခြင်းဖြစ်ပြီး လယ်သမားခြောက်ဦး၏ လယ်မြေနေရာများမှာ စက်မှုလက်မှု သိပ္ပံကျောင်းတည်ဆောက်မည့် ဧက (၁၆၀)တွင် မပါဝင်ကြောင်း လယ်သမားတစ်ဦးဖြစ်သည့် ဦးစောဘိုဘိုက ပြောသည်။
အဆိုပါ ကျောင်းစီမံကိန်း တည်ဆောက်ရန်အတွက် လယ်သမားများ၏ စိုက်ပျိုးရေးပြုလုပ်ထားရာ လယ်ယာမြေများကို ပဲခူးတက္ကသိုလ် အခွင့်အာဏာပိုင်များက ရဲအင်အား၊ လူအင်အား ဖြင့် လာရောက်ဖျက်ဆီးခဲ့သည်ဟု လယ်သမားများက ပြောသည်။
ပဲခူး GTC ကျောင်းတည်ဆောက်ရန် လျာထားသည့် မြေနေရာမှာ ဥသာမြို့သစ် ရပ်ကွက်ကြီး(၈)ရှိ ကွင်းအမှတ်(၆၂၈)မှ ၇၄ ဒသမ ၅၉ဧက နှင့် ကွင်းအမှတ်၆၂၈မှ ၈၅ ဒသမ ၀၈ ဧကတို့ဖြစ်ရာ စုစုပေါင်း (၁၆၀) ဧကသာ ဖြစ်ကြောင်း (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလ၊ ၂၆ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်၊ ပဲခူးတိူင်းဒေသကြီး လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှ ဦးအောင်နိုင်ဇော်က ပြန်လည်ဖြေကြားထားသည်။
အဆိုပါ မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ ပဲခူးတက္ကသိုလ်မှ မြေနေရာ အခွင့်ရအာဏာပိုင် ဦးထွန်းထွန်းဦးကို မဇ္စျိမ သတင်းဌာနက မေးမြန်းရာတွင် အဆိုပါမြေနေရာများသည် ပဲခူးတက္ကသိုလ်ပိုင်မြေနေရာဖြစ်ပြီး စီမံကိန်းတည်ဆောက်ရန်အတွက် စိုက်ပျိုးလုပ်ကိုင်နေထိုင်သူများအား ဖယ်ရှားပေးရန် သုံးကြိမ်တိတိ အကြောင်းကြားခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် လယ်သမားခြောက်ဦးကို ပုဒ်မ၄၄၇/၁၁၄ ပိုင်နက်ကျူးကျော်မှု၊ ပုဒ်မ ၃၅၃၊ ၅၀၆ တာဝန်ဝတ္တရားနှောင့်ယှက်မှုတို့နှင့် တရားစွဲဆိုထားကြောင်းသိရသည်။