ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထပ်မံထိုးနှံပေးမည်

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထပ်မံထိုးနှံပေးမည်
 (ဓာတ်ပုံ- ထက်မြတ်/မဇ္ဈိမ)

မန္တလေး(အောက်တိုဘာ ၂၀ရက်၊ ၂၀၁၉ခုနှစ်)။ ။ အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အပိုင်းနှစ်ပိုင်းခွဲကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံပေးမည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ အသက် ငါးနှစ်အောက်ကလေးငယ်များ သေဆုံးမှု ထပ်မံလျှော့ချနိုင်ရန်နှင့် ၂၀၂၃ ခုနှစ်တွင် ဝက်သက်- ဂျိုက်သိုးရောဂါကင်းဝေးပြီး မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ပြောသည်။

“အရင်က ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးဖူးခဲ့သည် ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ ဝက်သက်- ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး အပိုဆောင်းတစ်ကြိမ် တိုက်ကျွေးထိုးနှံပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းစဉ် အပိုင်း(၁) အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ခုရှိ ခက်ခဲဒေသ ၉၆ မြို့နယ် တွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အတွင်း ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေးကို ပိုလီယိုကာ ကွယ်ဆေးနှင့်အတူ ထိုးနှံ တိုက်ကျွေးပေးသွားမည်ဖြစ်သည်။

လုပ်ငန်းစဉ် အပိုင်း(၂) အနေဖြင့် နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၇ ခုရှိ ကျန်၂၃၄ မြို့နယ်တွင် ဝက်သက်- ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို အပိုဆောင်းတစ်ကြိမ် ထိုးနှံပေးသွးရန် စီစဉ်ထားသည်။

ဝက်သက်ရောဂါ ကာကွယ် ဆေးကို မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် စတင်ထည့်သွင်း ထိုးနှံပေးခဲ့ပြီး ၁၉၉၅ ခုနှစ်အထိ လွှမ်းခြုံမှု ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိခဲ့ပြီး ၁၉၉၅ခုနှစ် နောက်ပိုင်း၌ လွှမ်းခြုံမှု ရာခိုင်နှုန်း ၈၀ အထက် ကျော်လွန်ရရှိခဲ့သော်လည်း ရည်မှန်းထားသည့် လွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိစေရန် ကြိုစားခဲ့သော်လည်း မရရှိခဲ့ပေ။

ထို့ကြောင့် ရည်မှန်းထားသည့် လွှမ်းခြုံမှုရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်ဝက်သက်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဝက်သက်ကာကွယ်ဆေးအပြင် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးကိုလည်း ထပ်မံထည့်သွင်းထိုးနှံ တိုက်ကျွေးခဲ့ကြောင်း၊ ယခုအခါ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဝက်သက်- ဂျိုက်သိုးရောဂါ ကင်းစင်ရေး ရည်မှန်းချက်ကိုထားရှိပြီး နည်းဗျူဟာ ၉ ရပ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် မိမိ သားသမီး၏ ကျန်းမာရေးအတွက် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးရန် လိုအပ်သည်ဟု ဒေါက်တာသန္တာလွင်က ပြောသည်။

ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင်ကလေးငယ်တစ်ဦးအတွက် ကန်ဒေါ်လာ၂၈ ဒေါ်လာ ကုန်ကျပြီး အဆိုပါကုန်ကျစရိတ်၏ ၂၆ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍငွေမှ အကုန်ကျခံကာ ကျန် ၇၄ရာခိုင်နှုန်းကို GAVI အဖွဲ့အစည်း၏ အဓိက လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခု ထိုးနှံပေးမည့် ကာကွယ်ဆေးများ၏ အရည်အသွေး ပြည့်မီစွာ ရရှိစေရေးအတွက် ကမ္ဘာကျန်းမာရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် UNICEF မှ တစ်ဆင့် ဝယ်ယူထားခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဝက်သက်- ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၏ လွှမ်းခြုံမှုမှာ တစ်နိုင်ငံလုံး၌ ၉၀ ရာခိုင်နှုန်းအထက်တွင် ရရှိခဲ့ပြီး ဝက်သက်ရောဂါ ဖြစ်ပွားကူးစက်မှုနှုန်းမှာ လျော့နည်းကျဆင်းခဲ့သော်လည်း လွှမ်းခြုံမှုနည်းပါးခဲ့သည့် ဒေသများတွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဝက်သက်ရောဂါ ဖြစ်ပွားကူးစက်မှု များပြားလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှု ၁၃၉၀ ဦးရှိခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ၃၈၆၂ ဦး ရှိခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly