ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်။ ။ ကယားပြည်နယ်အစိုးရမှ နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခံထားရသော ကရင်နီလူငယ် ခြောက်ဦးတို့၏ အမှုအတွက်လာမည့် နိုဝင်ဘာလအတွင်း အပြီးသတ် အမိန့်ချမှတ်နိုင်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ မှ အထွေထွေအတွင်းရေးမှူးချုပ် မမှုအန်းဂျေလာက ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက် (ယနေ့)တွင် လွိုင်ကော်မြို့နယ်တရားရုံး၌ ကရင်နီလူငယ် ခြောက်ဦးကို ၁၆ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ တရားခံပြသက်သေနှစ်ဦးဖြစ်သော ကယားနီပြည် လူငယ် များသမဂ္ဂမှအထွေထွေအတွင်းရေးမှူးချုပ် မမှုအန်းဂျေလာနှင့် နော်ဖောဝါး တို့ကို နောက်ဆုံး စစ်ဆေးခဲ့သည်။
“ ဒီနေ့က စွပ်စွဲခံရသူဘက်က သက်သေနှစ်ဦးကိုစစ်ဆေးတယ်။ လာမယ့်အောက်တိုဘာလ ၂၉ ရက်နေ့ ရုံးချိန်း ပြန်ချိန်းဆိုထားတယ်။ အဓိကက တရားလိုဘက်နဲ့ စွပ်စွဲခံရသူဘက်က နောက်ဆုံး လျှောက်လွဲချက်တွေကို လာမယ့်၂၉ ရက်နေ့ တင်ပြရမယ်။ လျှောက်လွဲချက်ပြီးမှ နောက်ဆုံးအမိန့် ချမှတ်တာဖြစ်မယ်။ ကျွန်မတို့ ခန့်မှန်းတာက အပြီးသတ် အမိန့်ချမှတ်နိုင်တာက လာမယ့် နိုဝင်ဘာလ အတွင်း ဖြစ်ဖို့ များလိမ့်မယ်”ဟု မမှုအန်းဂျေလာက ပြောဆိုသည်။
ကရင်နီလူငယ်ခြောက်ဦးတို့၏ အမှုအတွက် စွပ်စွဲခံရသူတရားခံပြသက်သေခြောက်ဦးတို့အား အပြီး သတ် စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာ ၂၉ ရက်နေ့တွင် နှစ်ဖက်စလုံးနောက်ဆုံး လျှောက်လွဲချက်အဖြစ် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“မူလက ကျွန်မတို့က စွပ်စွဲခံရသူတရားခံပြသက်သေအနေနဲ့ ၁၂ ဦး လျာထားတယ်။ ဒါပေမယ့် ရုံးချိန်း အရမ်းများပြီး အချိန်ကြာသွားမှာဆိုးလို့ တရားခံပြသက်သေ ခြောက်ဦးနဲ့ ဖြတ်ထားတယ်။ အခုက ရုံးချိန်းတစ်ခုမှာ နှစ်ဦး စစ်ဆေးတယ်။ အခုတော့ စွပ်စွဲခံရတဲ့ဘက်က သက်သေလိုက်ပေးတာတော့ ပြီးပြတ်သွားပြီ ။ အခုလာမယ့် ၂၉ ရက်မှ နောက်ဆုံးလျှောက်လွဲချက်ကို ပြန်တင်သွားမှာ ဖြစ်တယ်။ ခန့်မှန်းခြေတော့ နိုဝင်ဘာလတော့ အမိန့်ချမှတ်မယ် ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု စိုက်ထူခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီး နှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာခဲ့သော ကရင်နီလူငယ်ခြောက်ဦးတို့ကို နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် ကယားပြည် နယ် အစိုးရမှအမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/