ကဘူးလ်၊ အောက်တိုဘာ ၁၉။ ။ အာဖဂန်နစ္စတန်နိုင်ငံမှာ သောကြာနေ့က ဝတ်ပြုဆုတောင်းမှု ပြုရာ ဗလီတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၆၂ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ လက်သင့်ခံစရာ အဆင့်ထက် ကျော်လွန်နေပြီလို့ ကုလသမဂ္ဂက ပြောပြီးနောက်နေ့မှာပဲ အခု ဗလီတိုက်ခိုက်မှု ဖြစ်တာပါ။
အခုနှစ်ရဲ့ လက်ရှိအချိန်အထိ ဒုတိယအသေအဆုံးအများဆုံး ဒီ ဖောက်ခွဲတိုက်ခိုက်မှုဟာ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ ဖြစ်ပွားတာဖြစ်ပြီး ဒဏ်ရာရသူပေါင်း ၃၃ ဦး ရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ခိုဂျန်နီက အေအက်ဖ်ပီကို ပြောပါတယ်။
ဗလီအတွင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထားပြီး တိုက်ခိုက်ခဲ့တာလို့ ခိုဂျန်နီက ပြောပေမယ့် တာလီဘန်အပါအဝင် အခြားသတင်းရင်းမြစ်တွေက ဒီ ဗလီဟာ မော်တာကျည် ထိမှန်တာဖြစ်တယ်လို့ ပြောကြပါတယ်။
အစ္စလာမ္မစ်အစွန်းရောက် တာလီဘန်အဖွဲ့ ပြောခွင့်ရသူတစ်ဦးကတော့ အခု တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒါဟာ ကြီးမားတဲ့ ရာဇဝတ်မှုအဖြစ် တံဆိပ်ကပ်ပြောဆိုပါတယ်။
တိုက်ခိုက်မှု ဖြစ်ချိန်မှာ ဗလီအတွင်း ဝတ်ပြုသူပေါင်း ၃၅၀ ခန့် ရှိနေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေဆုံးဒဏ်ရာရသူ ဒါဇင်များစွာ ရှိတယ်။ အရေးပေါ်ကားတွေနဲ့ သူတို့ကို တင်ဆောင်သွားကြတယ်။”လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဟာဂျီအမန်နက်ခန်းက ပြောပါတယ်။
ဒဏ်ရာရသူတွေမှာ ကလေးငယ်တွေလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောရေးဆိုခွင့်ရှိသူကတစ်ဆင့် ပြောဆိုပြီး ဒီ တိုက်ခိုက်မှုကို ကျုးလွန်သူတွေအနေနဲပ တာဝန်ခံရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/