ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက်။ ။ မြန်မာ- တရုတ် နယ်နိမိတ် မိုင်တိုင် BP 57 နှင့် BP 58 ကြားရှိ မြန်မာပိုင်နက် နမ်းခမ်ဖက်သို့ တရုတ်နိုင်ငံသား အရပ်ဝတ် လူလေးဦးက ပေ ၆၀ ခန့် ကျူးကျော်ကာ မြေတူးစက် တစ်စီးနှင့် မြေသားမြောင်း တူးဖော်ခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၉ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ အဖြစ်အပျက်ကို ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ မြို့နယ်တောင်သူလယ်သမားများအသင်း ၊ လူမှုညီညွတ်ရေးအသင်း ၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်ရေးစောင့်ရှောက်ရေးအသင်းများနှင့်မြို့မိမြို့ဖများက ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၁၇ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့် ထပ်မံကျုးကျော်ခြင်း မပြုလုပ်ရန် ၊ ယင်းသို့ပြုလုပ်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း နှင့် သက်ဆိုင်ရာဗဟိုအစိုးရအဖွဲ့မှ လာရောက်ကိုင်တွယ်ဖြေရှင်းပေးရန် စသော အချက်များကို ထည့်သွင်းဖော်ပြထားသည်။
“သူတို့က ခွင့်ပြုချက်မရှိဘဲ နယ်နိမိတ် ကိစ္စ လုပ်ချင်နေတော့ ၊ အစိုးရ နှစ်နိုင်ငံချင်း လုပ်ရမယ့် ကိစ္စကို ဒီလိုမျိုး ပြည်သူ့လူထုကို အကြောင်းမကြားဘဲ ၊ နယ်ကျူးကျော်ပြီး လာလုပ်တာကို ကျနော်တို့က လုံးဝ လက်မခံနိုင်ဘူး။ သဘောက တရုတ်ပြည်သားတွေက ကျနော်တို့ကို ဂရုမစိုက်ဘူး။ သူတို့ လုပ်ချင်သလို လုပ်လို့ရမယ် ထင်နေတာ ။ ခဏခဏဒီလိုမျိုး ဖြစ်နေတာ ။ သူတို့တရုတ်ပြည်ကို ဝင်သွားတဲ့လမ်းတွေကို စက်တွေနဲ့ ဖြတ်တောက်တာ ၊ ဘာညာတွေ ခဏခဏ လုပ်နေတာ။ မြန်မာပြည်ပိုင်နက်ထဲ မြောင်းတွေ တူးတာ ကျနော်တို့က အဖြစ်မခံဘူး” ဟု နမ့်ခမ်းအခြေစိုက် ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဦးစိုင်းအောင်ဝင်းက ပြောသည်။
ယင်းကဲ့သို့ နယ်ကျော်လုပ်ဆောင်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပြည်ပရေးရာဌာနသို့ ကန့်ကွက်စာပို့ခဲ့သည်ဟု ဦးစိုင်းအောင်ဝင်းကဆိုသည်။
အလားတူနယ်စပ်ပြဿနာမျိုးကို တရုတ် - မြန်မာ နယ်စပ်ရွှေလီချိုင့်ဝှမ်းတစ်လျှောက်တွင် မကြာခဏဖြစ်ပွားနေသည့်အတွက် သက်ဆိုင်ရာဗဟိုအစိုးရအဖွဲ့မှ လာရောက်ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်း က ပြောသည်။
“ ဒီကိစ္စကို ဗဟိုအစိုးရအဖွဲ့မှာ လာရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်။ အဲ့လိုမျိုးတွေလုပ်နေရင် ဒီဘက်ကလည်း ရှမ်းရွာ ၊ တစ်ဖက်ကလည်း ရှမ်းရွာဖြစ်နေတော့ အချင်းချင်း က ခိုက်ရန်ဖြစ်ပွားဖို့ အလားအလာဖြစ်နိုင်တာပေါ့ “ ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ်းခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာအနီးတွင် အင်အား ၂၀ ကျော်ပါဝင်သည့် တရုတ်စစ်ယူနီဖောင်း ဝတ်ဆင်ထားသောသူများက မြန်မာပိုင်နက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံအလံ လာရောက်စိုက်ထူသော ဖြစ်ရပ်ဖြစ်ပွားခဲ့ဖူးသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/