စင်္ကာပူရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် သုံးရက်ထပ်တိုးတောင်းထား

စင်္ကာပူရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် သုံးရက်ထပ်တိုးတောင်းထား

ချင်းမိုင်၊ အောက်တိုဘာ ၁၇ ။ ။ စင်္ကပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် သတ်မှတ်ရက် မလုံလောက်သဖြင့် နောက်ထပ် ၃ ရက် ထပ်မံ တိုးမြှင့်လိုက်ပေးရန် စင်္ကာပူရှိ မြန်မာသံရုံးက စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ လျှောက်ထားလိုက်ပြီဟု အောက်တိုဘာလ ၁၆ ရက်တွင် သံရုံးက ကြေငြာချက် ထုတ်ပြန်ထားသည်။

မူလက အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသော်လည်း မြန်မာနိင်ငံသားများ အဆင်ပြေ ချောမွေ့စေရေးအတွက် မဲပေးနိုင်မည့် ရက်ကို လာမည့် အောက်တိုဘာလ ၂၁ ရက်ထိ သုံးရက်တိုးမြှင့် လျောက်ထားကာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန အာဏာပိုင်များ နှင့် ညှိနှိုင်းပြီး ခွင့်ပြုချက်ရရန် စီစဉ်နေခြင်းဖြစ်သည်။

စင်္ကပူနိုင်ငံ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိပါက အောက်တိုဘာလ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်ထိ မဲပေးနိုင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

စင်္ကပူနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သိန်းခွဲကျော်ရှိသည့်အနက် လာမည့် နိုင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ရန် လာရောက် လျှောက်ထားသူ စင်္ကပူနိုင်ငံရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၂၁,၈၇၅ ဦးသာ မဲပေးနိုင်သည်ဟု စင်္ကပူသံရုံးတွင် လုပ်အားပေးနေသူ ကိုဇော်သန့်မင်းက မဇ္ဈိမကို ပြောသည်။

ထိုအထဲမှ အောက်တိုဘာလ ၁၅ ရက်က ပထမနေ့ ကြိုတင်မဲပေးသူ ၁၈၇၇ ဦး အောက်တိုဘာလ ၁၆ ရက် ဒုတိယနေ့ ၃၁၅၀ ဦး မဲထည့်ခွင့် ရရှိခဲ့သဖြင့် နှစ်ရက်သာ မဲပေးသူပေါင်း ၅၀၂၇ ဦးသာ ရှိသေးသဖြင့် ရက်ထပ်တိုးမည်ဟု သိရကြောင်း သူက ပြောသည်။ မဲထည့်ရန် ဦးရေ ၁၆၈၄၈ ဦး မဲထည့်ရန် ကျန်မည် ဖြစ်သည်။

“လူ ငါးထောင်လောက်ပဲ မဲထည့်သေးတယ်ဆိုတော့ ရက်တိုးမယ်လို့ သတင်းကြားပါတယ်။ ၄ ပုံ တစ်ပုံလောက်ပဲ ပြီးသေးတယ်။ ရက်တိုးဖို့ ခွင့်ပြုချက်တော့ တောင်းထားတယ်။ ပြန်မကျသေးဘူး”ဟု သူက မဇ္ဈိမကိုပြောသည်။

ကြိုတင် မဲထည့်ချိန် နံနက် ၉ နာရီမှ ၄ နာရီခွဲထိ သတ်မှတ်ထားသော်လည်း မဲပေးသူများပြားသဖြင့် သတ်မှတ်ချိန်ထက် နောက်ကျက ည ၈ နာရီကျော်သည်အထိ မဲထည့်ချိန်ပေးခဲ့ရသည်ဟု သူက ပြောသည်။ စင်္ကပူနိုင်ငံ မြန်မာသံရုံးသို့ မဲထည့်သူများပြားသဖြင့် တစ်ချို့ မြန်မာနိုင်ငံသားများသည် ညအိပ်စောင့်သူများပင် ရှိသည်ဟု သိရသည်။

“အခက်အခဲကတော့မျိုးစုံပဲ ကြားရပါတယ်။ တချို့ မဲစာရွက်တွေ မှားနေတာ။ တချို့က မဲဆန္ဒနယ်မှားပြီးတော့ ပေးတာ။ တချို့ နေပြည်တော်က လွဲလို့ လွှတ်တော် သုံးခုရှိတဲ့ မဲဆန္ဒနယ်ဆိုရင် မဲ သုံးခုရရမှာပေါ့နော်။ တစ်ချို့ နှစ်ရွက်ပဲ ရတယ် အဲဒီလိုမျိုးပေါ့”ဟု ကိုဇော်သန့်မင်းက ပြောသည်။

“လောလောဆယ်တော့ မဲစာရင်းလွဲနေတာမျုးိတော့ ကြုံရပါတယ်။ တချို့က ပုံစံ ၁၅ တင်ခဲ့ပေမဲ့ နိုင်ငံ လွဲနေတယ်။ အဲဒီအတွက် သူရဲ့ မဲစာရွက်က ပါမလာဘူး။ နောက်တချို့က ပုံစံ ၁၅ တင်ခဲ့တယ်။ ဒါပေမဲ့ မြို့နယ်အလိုက် မဲစာရင်းက စင်္ကပူက ထုတ်ပြန်တဲ့ မဲစာရင်းမှာ ပါမလာဘူး။ ဥပမာ စစ်ကိုင်တိုင်းမှာဆို မော်လိုက်ပေါ့နော်။ ရန်ကုန်တိုင်းထဲမှာဆို မြို့နယ် အတော်များများပျောက်နေတယ်”ဟု သူက ပြောသည်။

စင်္ကပူနိုင်ငံတွင် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော်ရှိသော်လည်း ကြိုတင်မဲလျှောက်ထားရန် ပုံစံ ၁၅ ဖြည့်ချိန်တွင် မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူပေးရသဖြင့် တစ်ချို့ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ နိုင်ငံကူး လက်မှတ်များ အလုပ်ရှင်ထံ ပေးထားခြင်းကြောင့် လက်ထဲတွင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်း မရှိနေသဖြင့် လျှောက်ထားခွင့် မရခဲ့သော အခက်အခဲများလည်း ရှိသည်ဟုသူက ပြောသည်။

ထိုင်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိရာမှ တရားဝင် အလုပ်လုပ်ကိုင်နေသူ ၁ ဒသမ ၇ သန်းရှိသော်လည်း ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင် အောက်တိုဘာလ ၁၇ ရက် တစ်ရက်တည်းတွင် ကြိုတင်မဲပေးသူ စုစုပေါင်း ၆၀၄ ဦးသာ ဆန္ဒမဲထည့်ခွင့် ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly