ရန်ကုန်၊ အောက်တိုဘာ ၁၁ ။ ။ အပစ်ရပ် ရေးထိုးနိုင်ရေးနှင့် တိုက်ပွဲများလျော့ချနိုင်ရေးတို့အတွက် အစိုးရနှင့် မြောက်ပိုင်းအဖွဲ့တို့ဆွေးနွေးပွဲကို အောက်တိုဘာ နောက်ဆုံး ပတ်တွင်ပြုလုပ်ဖွယ်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲအပြီး အောက်တိုဘာလထဲတွင် ထပ်မံဆွေးနွေးကြရန် အဆိုပြုခဲ့ကြခြင်းဖြစ်ကာ သဘောတူညီချက် (၇) ချက်ကိုလည်း ပူးတွဲထုတ်ပြန်ခဲ့သေးသည်။
“ညှိနှိုင်းနေဆဲပဲ၊ သူတို့ဘက်က ဘာမှအကြောင်းမပြန်သေးဘူး။ ကျွန်တော်ထင်တာတော့ သီတင်းကျွတ်ရုံးပိတ်ရက်လည်းဖြစ်ေတာ့ သီတင်း ကျွတ်ပြီးလောက်မှပဲ ပြောလာမယ်ထင်တယ်” ဟု တအောင်းအဖွဲ့ (TNLA) ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် တအောင်းအဖွဲ့(TNLA) ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်သားအချို့ ကျဆုံး ခဲ့ပြီး အရပ်သား (၇) ဦး ဒဏ်ရာရရှိခဲ့သေးသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး “စစ်ကား ၇ စီးဖြင့် တအာင်းတပ်မတော်အား ထိုးစစ်ဆင်ရန် သိန္နီတပ်မှထွက်ခွာလာရာ တအာင်းတပ်မ တော်မှ ကြိုတင်ခုခံကာကွယ်စစ်ဖြင့် ပြန်လည်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်” TNLA ဘက်က သတင်းထုတ်ပြန်သည်။
“ ဆွေးနွေးပွဲရှိမှပဲအဖြေပေါ်မှာေပါ့။ တိုက်ပွဲဖြစ်တာ၊ မဖြစ်တာနဲ့ ဆွေးနွေးပွဲကတော့ တိုက်ရိုက်တော့ မထိခိုက်နိုင်ဘူး။ ဒါပေမယ့် စကား ပြောတဲ့အချိန် တိုက်ပွဲမဖြစ်ရင်ပိုပြီးဆွေးနွေးရလွယ်ကူတာပေါ့။ တိုက်ပွဲဖြစ်နေရင်တော့ နည်းနည်းတော့ အဟန့်အတား ဖြစ်တယ်” ဟု ဗိုလ်မှူးတာအိုက်ကျော်ကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆွေးနွေးပွဲတွင် “ Bilateral Ceasefire Agreement လက်မှတ် ထိုးနိုင်ရေးနှင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝ ချုပ် ငြိမ်း သွားစေရန် အတွက် လိုအပ်သည်များ ဆက်လက် ဆွေးနွေး လုပ်ဆောင်သွားကြမည်” ဆိုသည့်အချက်အပါအဝင် အချက် (၇) ချက်ကို ဆက်လက်ဆွေးနွေးရန် သဘော တူညီခဲ့ကြောင်း အစိုးရဘက်မှထုတ်ပြန်ခဲ့သည်။
ထို့အပြင် သဘောတူညီချက်များထဲတွင် “တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းနှင့် လိုအပ်သော လုပ်ငန်းကိစ္စများ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေး ဆွေးနွေး ဆောင်ရွက်သွားကြမည်” ဆိုသည့်အချက်လည်း ပါဝင်ပြီး အောက်တိုဘာလမကုန်မီဆွေး နွေးကြရန် ထပ်မံသဘောတူခဲ့ကြခြင်းဖြစ်သည်။
“အချိန်တစ်ခုတော့လိုအပ်ပါတယ်။ နားလည်မှုတည်ဆောက်ဖို့အတွက်။ အရေးကြီးတာက ဆွေးနွေးပွဲလမ်းကြောင်းဖွင့်ထားဖို့ပါပဲ။ ဆွေး နွေးပွဲ လမ်းဖွင့်ထားပေးမယ်ဆိုရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်အဆင်ပြေသွားနိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကဆိုသည်။
စက်တင်ဘာဆွေးနွေးပွဲတွင် သဘောတူညီချက် ၇ ချက်ရရှိခဲ့သော်လည်း ဆွေးနွေးပွဲလာရောက်သည့် တပ်ကိုယ် စား လှယ်များမှာ အပြည့်အဝဆုံးဖြတ်ပိုင်ခွင့် ပါမလာသဖြင့် ထင်သလောက်ခရီးမရောက်ခဲ့ကြောင်း မြောက်ပိုင်းအဖွဲ့ဝင် တစ်ဖွဲ့ဖြစ် သည့် TNLAဘက်မှဆိုသည်။
ထို့ကြောင့် Bilateral ရေးထိုးနိုင်ရေးနှင့် တိုက်ပွဲများလျော့ချနိုင်ရေးတို့အတွက် အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များဖြစ်ကြသည့်ကချင်လွတ် လပ်ရေးအဖွဲ့ (KIA)၊ ရခိုင့်တပ် (AA) ၊ တအောင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ လာမည့် အောက်တိုဘာ ဆွေးနွေးပွဲတွင်မှ အကြိတ်အနယ် ဆွေးနွေးရဖွယ် ရှိနေသည်။