ဝေးလံခေါင်ဖျားဒေသများတွင် အချိန်မီခွဲစိတ်မှုပြုလုပ်နိုင်စေရေး Mobile ခွဲစိတ်ခန်းကားနှစ်စီး လှူဒါန်း

ဝေးလံခေါင်ဖျားဒေသများတွင် အချိန်မီခွဲစိတ်မှုပြုလုပ်နိုင်စေရေး Mobile ခွဲစိတ်ခန်းကားနှစ်စီး လှူဒါန်း

ရန်ကုန် ၊ စက်တင်ဘာ ၂ဝ ။          ။ ဝေးလံခေါင်ဖျားဒေသများတွင် အချိန်မီ ခွဲစိတ်မှုပြုလုပ်နိုင်စေရေးအတွက် Mobile ခွဲစိတ်ခန်းကားနှစ်စီးကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးစီးသော ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့သည်။

ဆရာတော်အရှင်ဆန္ဒာဓိကကို အမှူးထား၍ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက လှူဒါန်းသည့် အဆိုပါ ခွဲစိတ်ခန်းကားလှူဒါန်းပေးအပ်ပွဲကို စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ အားကစားသိပ္ပံ မှန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကျွန်တော်တို့ လှူရင် ဝန်ကြီးဌာနက ဘက်စုံသုံးပြီးတော့ ဝေးလံတဲ့ ဒေသတွေမှာ ဌာနဆိုင်ရာကရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စုပေါင်းပြီးတော့ ဒီဘက်စုံသုံး Mobile ကားကြီးကို သုံးမယ်ဆိုရင် ဒီထက်ပိုပြီးတော့ အောင်မြင်စရာရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံးယုံကြည်ပါတယ်” ဟု ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

တစ်စီးလျှင် ဒေါ်လာတစ်သိန်းခွဲတန်ဖိုးရှိသည့် အဆိုပါခွဲစိတ်ခန်းကားများတွင် မျက်စိနှင့် အခြားအထွေထွေ ရောဂါများ ခွဲစိတ်မှုပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုကဲ့သို့ ရွှေ့လျားပြီး လူနာဆီသို့ အရောက် သွားနိုင်မည့် ခွဲစိတ်ခန်းကားများသည် ဝေးလံခေါင်ဖျားဒေသများတွင် အချိန်မှီခွဲစိတ်မှုပြုလုပ်နိုင်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။

“ဒီခွဲစိတ်ခန်းသုံးကား နှစ်စီးလှူဒါန်းတာဟာ ကျွန်တော်တို့အတွက် အများကြီးအသုံးဝင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ ခွဲစိတ်ဖို့ နေရာ၊ ဒေသနဲ့ အချိန်မီအလွယ်တကူလုပ်ဆောင်ဖို့ မလွယ် ပါဘူး။ ဒါကြောင့်မို့ ဒီနေရာမှာ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုပို့မယ်ဆိုရင် Mobile ကားများနှင့် ဆောင်ရွက်မှ သာလျှင် ကျွန်တော်တို့အတွက် အဖြေတစ်ခုဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ယခုလှူဒါန်းသော ခွဲစိတ်ကားများသည် မျက်စိနှင့် အထွေထွေရောဂါများကို အခမဲ့စစ်ဆေးကုသခွဲစိတ်ပေးနေသော ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ ယခင်မျက်စိခွဲစိတ်ပေးရာတွင် အသုံးပြုခဲ့သော ကားများဖြစ်ကြောင်းလည်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly