ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ။ ။ အမေရိကန်နိုင်ငံ နိုင်ငံတစ်ဝန်းလူကုန်ကူးမှုနှိမ်နင်းရေးတွင် အသက်၁၂နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် အသက်မပြည့်သေးသူ ၁၄၉ ဦးကိုပြည့်တန်ဆာခေါင်း များထံမှ ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိများက ကယ်တင်ခဲ့သည်ဟု ပြည်ထောင်စုထောက်လှမ်းရေးဗျူရို(အက်ဖ်ဘီအိုင်)က ပြောသည်။
"မကောင်းတဲ့ဟိုတယ်တွေနဲ့ မှောင်မိုက်တဲ့လမ်းတွေပေါ်မှာ ကလေးတွေဟာ ကုန်ပစ္စည်းတစ်ခုလို ဆက်ဆံခံနေရပါတယ်။ သူတို့ရဲ့အိပ်မက်ဆိုးတွေကနေ သူတို့ကို ကျွန်တော်တို့က ကယ်တင်ရာမှာဖြစ်ပြီး ဒီလိုထိတ်လန့်စရာတွေကို ကျူးလွန်တဲ့သူတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်"ဟု အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေးက ပြောသည်။
နိုင်ငံတွင် လိင်မှောင်ခိုကူးခြင်းအား အဆုံးသတ်ပစ်မည်ဟု ကိုမေးက ကတိပြုခဲ့ပြီး လိင်မှောင်ခိုကူးသူများနှင့် ၎င်းတို့၏ဖောက်သည်များကျက်စားလေ့ရှိသော နေရာများ၊ ဟိုတယ်များ၊ လောင်းကစားရုံများနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများကို သွားရောက်ရှင်းလင်းဖမ်းဆီးရာတွင် ကူညီခဲ့သော မြို့ပေါင်း ၁၃၅မြို့မှ ဒေသခံဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးအေဂျင်စီများကိုလည်း ကိုမေးက ချီးကျူးခဲ့သည်။
Innocence Lost အစီအစဉ်သည် ၎င်းစတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၃ခုနှစ်ကတည်းက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရသော ကလေး ၄,၈၀၀ကို ကယ်တင်နိုင်ခဲ့ပြီး ပြည့်တန်ဆာခေါင်း ၂,၀၀၀ကျော်ကို အပြစ်ပေးနိုင်ခဲ့သည်။
ယခုနှစ်အတွက် စစ်ဆင်ရေးအမည်ကို Operation Cross Country ဟုပေးထားပြီး စစ်ဆင်ရေးအတွင်း ပြည့်တန်ဆာခေါင်း ၁၅၃ဦးကို ဖမ်းဆီးခဲ့သည်။ ကယ်တင်နိုင်ခဲ့သည့် ၁၄၉ ဦးတွင် ယောက်ျားလေး သုံးဦးနှင့် မိန်းမရှာ သုံးဦးပါဝင်ခဲ့သည်။