၀ါရှင်တန်၊ စက်တင်ဘာ ၁၇ ။ ။ ဆော်ဒီအာရေဗျက ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အီရန် ပါဝင်နေဖွယ်ရာရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့က ပြောပါတယ်။
ဒါပေမယ် အီရန် တိုက်ခိုက်တယ်ဆိုတာ လက်ဆုပ်လက်ကိုင်စရာ ဒီထက် ကျိန်းသေစေချင်သေးပြီး သူ့အနေနဲ့ စစ်ပွဲကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်နေကြောင်း ထရမ့်က ပြောပါတယ်။
ဆော်ဒီကို အီရန်က တိုက်ခိုက်တယ်လို့ ယုံသလားလို့ သတင််းထောက်တွေရဲ့ အမေးကို “ကျိန်းသေသလောက်လို့ ပြောလို့ရပါတယ်။”ဆိုပြီး ထရမ့်က ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။
“ဒီကိစ္စမှာ ကျွန်တော်တို့ ကောင်းကောင်း သိထားပါတယ်။ အီရန်ရဲ့ လက်ချက်က ကျိန်းသေသလောက်ပါပဲ။ ဒါပေမယ့် ၀ါရှင်တန်အနေနဲ့ ဒီထက် သက်သေပြစရာတွေ ထပ်ရချင်သေးတယ်။”လို့ ထရမ့်က ပြောပါတယ်။
“ဒီ တိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ လက်ဆုပ်လက်ကိုင် ပြချင်သေးတယ်။”လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ ဘာရိန်း အိမ်ရှေ့မင်းသား ဆာလမန်ဘင်ဟာမတ်ကို ဘဲဥပုံရုံးခန်းမှာ လက်ခံတွေ့ဆုံပြီး မီဒီယာတွေ့ဆုံမှုလုပ်ရာမှာ ထရမ့်က ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဆော်ဒီအာရေဗျနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံအပါအဝင် အဓိက ရေနံစက်ရုံကြီးနှစ်ရုံကို ဒရုန်းယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်မှုကြောင့် ရေနံစက်ရုံတွေ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။