ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ခွဲစိတ်ကုသမှုခံယူရတယ်ဆိုတာ အသေးစားပဲဖြစ်ဖြစ်၊ ကြီးမားတာပဲဖြစ်ဖြစ် လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တစ်နာရီတစ်မနက်နဲ့ ချက်ချင်းနေကောင်းသွားမှာလည်းမဟုတ်တော့ အနားယူဖို့၊ အရင်ထက်ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုပဲ ခွဲခွဲ၊ ခွဲစိတ်ပြီးကာစမှာ လူကနုနယ်နေတယ်ဆိုတော့ အရင်လို ပြန်အားဖြည့်ဖို့ အချိန်ခဏတော့ယူရပါလိမ့်မယ်။
အဲဒီအတွက် အသင့်တော်ဆုံးအစားအသောက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ် –
(၁) အမျှင်ဓာတ်များတဲ့ အစားအစာတွေ
ခွဲစိတ်မှုခံယူပြီးနောက်မှာ နေ့စဉ်အာဟာရထဲ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်ဖို့ အရေးကြီးပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့ဓာတ်ဖြစ်လို့ ခွဲစိတ်ထားသူတွေမှာဖြစ်လေ့ရှိတဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ နာလန်ထကာစမှာ ဝမ်းချုပ်တာက ပင်ပန်းနာကျင်မှုကိုပေးနိုင်တဲ့အပြင် ဆေးရုံပြန်ရောက်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။
အမျှင်ဓာတ်ကို ဘယ်ကရမလဲ
- ဂျုံကြမ်းပေါင်မုန့် (ပေါင်မုန့်ကြမ်း)
- အုတ်ဂျုံ၊ ပြောင်းနှံတွေ
- အသီးအနှံတွေ
- ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ပါတယ်။
(၂) အဆီနည်းတဲ့ အသား
ပရိုတင်းဓာတ်ကိုရနိုင်ဖို့ အဆီမပါတဲ့ ကြက်သား၊ ဝက်သားတွေကိုစားပေးပါ။ ငါးအပါအဝင် ပင်လယ်စာတွေမှာလည်း အဆီမပါတဲ့ ပရိုတင်းကို ရရှိနိုင်ပါတယ်။ အနီရောင်ရှိတဲ့အသားတွေကတော့ ပြည့်ဝဆီတွေပါဝင်မှုများလို့ရယ်၊ ဝမ်းချုပ်စေနိုင်တာရယ်ကြောင့် အကြံမပြုချင်ပါဘူး။
တကယ်လို့အသားမစားဘူးဆိုရင်လည်း ပရိုတင်းကို တခြားအရင်းအမြစ်တွေကနေရနိုင်ပါတယ်။ ပရိုတင်းလိုအပ်ချက်အတွက် ပဲအမျျိုးမျိုး၊ အစေ့အဆန်၊ တို့ဖူး၊ ပဲနဲ့လုပ်တဲ့ အစားအစာတွေလည်းစားလို့ရပါတယ်။
(၃) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ
နာလန်ထစ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အမျျှင်ဓာတ်တွေကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အေးခဲထားတာ ဒါမှမဟုတ် စည်သွပ်ထားတာတွေထက် လတ်ဆတ်တာကို ဦးစားပေးသင့်ပါတယ်။ ပြုပြင်စီမံထားတာမဟုတ်ဘဲ လတ်ဆတ်နေဖို့၊ အော်ဂင်းနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။
ဒါပေမယ့်တစ်ခုရှိတာက ဒါတွေကို အစားများလွန်းရင်လည်း လေပွ၊လေကယ်တာတွေဖြစ်စေနိုင်ပါတယ်။နေ့စဉ်အာဟာရမှာ ထိုက်သင့်သလို စားသုံးပေးသင့်ပေမယ့် မလွန်ကဲစေဖို့သတိထားပါ။ ဗိုက်ထဲနေလို့သိပ်မကောင်းဘူးဆို ဆရာဝန်နဲ့တိုင်ပင်ပြီး လေကြေဆေးလေးတွေ သောက်လို့ရပါတယ်။
(၄) နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေက ပရိုတင်းကြွယ်ဝတဲ့အရင်းအမြစ်တွေဖြစ်လို့ ခွဲစိတ်ပြိီးစအချိန်မှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ အဆီလျှော့နွားနို့နဲ့ ဒိန်ချဉ်တွေလို နို့ထွက်ပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒီအချိ်န်ကာလမှာဘယ်လောက် မြန်မြန်သက်သာလာမလဲဆိုတာ ကိုယ်ရဲ့စားသောက်၊နေထိုင်ပုံတွေကိုမူတည်နေပါတယ်။
(၅) ဝမ်းချုပ်စေနိုင်တဲ့အစားအစာတွေကို ရှောင်ပါ
ခွဲစိတ်မှုနောက်ပိုင်းမှာ ပေးလေ့ရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေက အူတွင်းလုပ်ဆောင်ချက်ကို လျော့စေတဲ့ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် ခွဲစိတ်မှုခံယူထားသူတွေမှာ ဝမ်းချုပ်တာအဖြစ်များပါတယ်။ ဒီလိုရှိရတဲ့အထဲ ဝမ်းချုပ်စေဖို့တွန်းအားဖြစ်စေတဲ့အစားအသောက်တွေကိုစားမိရင် ပိုဆိုးနိုင်ပါတယ်။ ပြုပြင်စီမံထားတဲ့အစားအစာတွေ၊ အနီရောင်ရှိတဲ့အသားတွေ၊ အချိုများတာတွေက ဝမ်းချုပ်စေနိုင်လို့ ရှောင်သင့်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/