ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၄ ။ ။ ဘရားဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျနေးရိုးမြို့က ပြည်သူ့ဆေးရုံမှာ မီးလောင်မှုဖြစ်တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
“အသေအပျောက်က ဒီထက်ပိုများဖွယ် ရှိတယ်။ ကျွန်တော် မမျှော်လင့်ပေမယ့် အသေအဆုံးဦးရေ ထပ်တိုးလာနိုင်ဖွယ် ရှိတယ်။”လို့ ရဲထောက်လှမ်းရေးမှူး ရောဘတ်တိုရာမို့စ်က မီဒီယာကို ပြောပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းမှာ မီးလောင်မှုဖြစ်ခဲ့တဲ့ အဲဒီ ဘတ်ဒင်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာ ၁၀၃ ဦးကြားထဲ ကိုယ့် လူနာ အခြေအနေ ဘယ်လိုဖြစ်ပျက်ကြုံတွေ့သလဲဆိုတာကို သိရှိဖို့ ကြိုးစားနေတဲ့ မိသားစုဝင်တွေကိုလည်း တွေ့ရပါတယ်။
သေဆုံးသူတွေမှာ မီးခိုးမွှန်လို့ သေဆုံးသူတွေ ရှိပြီး အသက်ရှုကိရိယာတွေနဲ့ ဘေးကင်းလုံခြုံရေး ပစ္စည်းတွေ မရှိတာကြောင့် သေဆုံးရတာဖြစ်တယ်လို့ ရီယိုဒီဂျနေရိုး သေမှုသေခင်းရုံးက ထုတ်ပြန်ပါတယ်။
အဲဒီ ဆေးရုံမှာ လောင်တဲ့မီးကို ငြိှမ်းသတ်ရာမှာ မီးသတ်သမား လေးဦး ထိခိုက်ဒဏ်ရာရပါတယ်။
အခုလို မီးလောင်မှုဖြစ်တာဟာ လျှပ်စစ်ဓာတ်အားပေးစက် ဂျင်နရေတာ ချွတ်ယွင်းရာကနေ မီးလောင်တာဖြစ်တယ်လို့ ဆေးရုံက အပြစ်ဆိုထားပါတယ်။
မီးလောင်မှုကြောင့် ဆေးရုံဝန်ထမ်းတွေဟာ လူနာတွေကို တက်သုတ်ရိုက်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးကြပြီး လမ်းတွေပေါ်မှာ ယာယီနေရာထိုင်ခင်း ပြင်ဆင်ပြီး ထားရှိပေးခဲ့ရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/