စက်တင်ဘာ ၁၃ ။ ။ အဒမ် ဟာဂျန်ရီဒါ ဆိုသူ အမေရိကန်လူငယ်လေးတစ်ဦးကတော့ အီး စီးကရက် (Vaping) သောက်တဲ့ ၎င်းရဲ့ အလေ့အကျင့်ကြောင့်ပဲ သူ့ကိုယ်သူ သေအောင်လုပ်မိလုနီးပါး ဖြစ်ခဲ့ရပါတယ်။
အီလီနွိုက်ပြည်နယ်မှာ နေထိုင်တဲ့ အဆိုပါ အသက် ၁၈ နှစ်အရွယ် ကျောင်းသား အဒမ်ဟာ အီး စီးကရက်ကို တစ်နှစ်ခွဲကျော်လောက် သုံးစွဲခဲ့ပြီးနောက် ပြီးခဲ့လမှာတော့ ဆေးရုံတက်ခဲ့ရပါတယ်။
ယင်းနောက် ဆရာဝန်တွေ စမ်းသပ်စစ်ဆေးခဲ့ရာမှာတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ၎င်းလူငယ်ရဲ့ အဆုတ်တွေဟာ အသက် ၇၀ အရွယ် အဘိုးအိုတစ်ယောက်ရဲ့ အဆုတ်တွေလိုသာ အလုပ်လုပ်နိုင်တော့တယ်ဆိုတာကို သိလိုက်ရပါတယ်။
“ ဒီလိုမျိုး ဖြစ်နေတာ တွေ့လိုက်ရတော့ စဉ်းစားကြည့်ရင် ဒါတော်တော်လေး ထိတ်လန့်ခဲ့ရပါတယ်၊ ဒီလောက် သေးသေးမွှားမွှား ပစ္စည်းတစ်ခုက ကျွန်တော့်အဆုတ်တွေကို ဒီလို ဖြစ်အောင် လုပ်ပစ်ခဲ့ပါတယ်” လို့ အဒမ်က ပြောသွားပါတယ်။
အမေရိကန်မှာ အီး စီးကရက် သုံးစွဲသူ မြောက်များစွာထဲမှာ အဒမ်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ယင်း သုံးစွဲသူတွေကတော့ မယုံနိုင်စရာကောင်းအောင်ပဲ အီး စီးကရက်နဲ့ ဆက်နွယ်နေတဲ့ အဆုတ် မကျန်းမာမှု ဝေဒနာတွေ ခံစားနေကြရလျက် ရှိပါတယ်။
အများစုကတော့ လူငယ်တွေဖြစ်ပါတယ်။
နာမကျန်း ဖျားနာမှုတွေ ဖြစ်ရတဲ့ အကြောင်းအရင်းအတိအကျကိုလည်း စုံစမ်းရေးသမားတွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
ယင်းအတွက်ကြောင့် အစိုးရဘက်က ပိုမို စည်းမျဉ်းတင်းကျပ်ဖို့ လိုတယ်ဆိုတဲ့ တောင်းဆိုမှုတွေကြောင့် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကတော့ ဆေးရွက်ကြီး အနံ့အရသာက လွဲလို့ အခြား အနံ့အရသာ ရှိ အီး စီးကရက်တွေကို စျေးကွက်ထဲက ဖယ်ရှားဖို့ လက်ရှိမှာ စီစဉ်နေလျက် ရှိပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/