သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်ရာတွင် လူငယ်များပါဝင်နိုင်ရေးအကောင် အထည်ဖော်သွားမည်

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်ရာတွင် လူငယ်များပါဝင်နိုင်ရေးအကောင် အထည်ဖော်သွားမည်

စက်တင်ဘာ ၁၂၊ ရန်ကုန် ။       ။ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်ရာတွင် လူငယ်များပါဝင်နိုင်မည့် အခန်းကဏ္ဍအတွက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ပြည်ထောင်စု ကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။

“ဒီသဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍကို ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် တွေကို ဒီနေ့ဆွေးနွေးတဲ့ အပိုင်းလည်းပါတယ်။ တစ်ဖက်က ကျွန်တော်လူငယ်ရေးရာကော်မတီတွေအနေနဲ့ အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းရတာဖြစ်တဲ့အတွက် ဒီနေ့ထွက်ရှိလာမယ့်အချက်အလက်တွေ၊ ဆောင်ရွက်မှုတွေ၊ အကြံပြုမှုတွေ၊ လူငယ်တွေ ရေးဆွဲမယ့် Work Shop ရဲ့ Output တွေအကုန်လုံးက လူငယ်ကော်မတီရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်း ကော်မတီမှ ရာသီဥတုကပ်ဆိုးကို ဘယ်လိုတွန်းလှန်မလဲဟူသည့် စကားဝိုင်းတစ်ရပ်ကို စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး သဘာဝ ပတ် ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်ဆွေးခဲ့ကြသည်။

လက်ရှိသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု အားနည်းသေးကြောင်း ပါဝင်ဆွေးနွေးသူများက ပြောသည်။

“ကျွန်တော်အမှန်အတိုင်းပြောရရင် တစ်ချို့နေရာမှာ ထပ်နေတာတွေရှိပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပေါ်လာတာလဲ ပါပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ ကိုယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ လုပ်တဲ့အခါမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ရေးဆွဲထားတာတွေ ထပ်နေတာရှိတယ်။ တစ်ခြား ဌာနက ဒါရေးပြီးသားဆိုရင် တစ်ခြားဌာနမှာလည်း ခပ်ဆင်ဆင်မျိုးဖြစ်နေတယ်။ အဲ့တော့ သူလုပ်မှာလိုလို၊ ကိုယ်လုပ်မှာလိုလိုဖြစ်နေတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောသည်။

၂ဝ၁၈ ခုနှစ်တွင် လူငယ်ရေးရာမူဝါဒများထွက်ရှိခဲ့ပြီး လူငယ်ရေးရာမူဝါဒအကောင်အထည်ဖော်ရေးအတွက် အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်စေရန် လူငယ်ရေးရာကော်များကို ဖွဲ့စည်းလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် ခရိုင်အဆင့်လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းလျက်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်များတွင် ကော်မတီများကို ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်းများတွင် လည်း ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly