ရန်ကုန်။ စက်တင်ဘာ ၁၂ ။ ။ ပြည်တွင်းဘဏ်လုပ်ငန်းဂယက် အထိုက်အလျောက်တည်ငြိမ်သွားပြီးနောက် ပြန်လည်ကျဆင်းသွားခဲ့သည့် ပြည်တွင်းရွှေစျေးသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှင့်အတူ အနည်းငယ် ပြန်လည် မြင့်တက်လာခဲ့သည်။
ပြည်တွင်းရွှေစျေးသည် စက်တင်ဘာလ ၅ရက်နေ့က တစ်ကျပ်သားလျှင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး စက်တင်ဘာလ ၁၁ရက်နေ့တွင် ကျပ် ၁၂၂၆ဝဝဝသို့ တစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေး ပြန်လည်မြင့်တက်မှုနှင့်အတူပြည်တွင်းရွှေစျေးသည် တစ်ကျပ် သားလျှင် ကျပ် ၁၂၃၉၀၀၀ သို့ပြန်လည်မြင့်တက်လာခဲ့သည်။
“ကမ္ဘာ့စျေးတက်လို့တက်တာပါ။ ကမ္ဘာ့ရွှေစျေးက ၁၄၉၅ နဲ့မနက်ကဖွင့်တယ်။ အခု ၁၅၀၃ ဆိုတော့ ရှစ် ဒေါ်လာ တက်သွားတာပေါ့။ ပစ္စည်းနည်းတော့ဝယ်လိုအားတော့ နည်းနည်းများနေသေးတယ် ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အမှူဆောင် ဦးလှအုန်းက ဆိုသည်။
လက်ရှိတွင် ရွှေလုပ်ကွက်များကို အစိုးရမှ EITI အချက်အလက်များနှင့်အညီ လုပ်ကိုင်ခွင့် စီစစ်ချထားပေးခြင်း၊ ရေကြီးမှုကြောင့် ရွှေထွက်ရှိမှုနည်းနေခြင်းနှင့် ပြည်ပသို့ ရွှေများထွက်ရှိနေခြင်းတို့ကြောင့် ပြည်တွင်းတွင် ရွှေ ကုန်ကြမ်းရှားပါးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ထို့အပြင် ပြည်တွင်းအမေရိကန်ဒေါ်လာ အရောင်းအဝယ်အခြေအနေမှာလည်း အမှန်တစ်ကယ်လိုအပ်သူ များကသာဝယ်ယူနေပြီး စုဆောင်းရန်အတွက် ဝယ်ယူမှုမျိုး မရှိသလောက်နည်းပါးနေကြောင်း Myanmar Sunflower ငွေလဲကောင်တာမှ မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဍထွန်းက ဆိုသည်။
ပြည်တွင်းရှိ အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ပြည်တွင်းဘဏ်လုပ်ငန်းဂယက်နှင့်အတူ ဝယ်လိုအားများခဲ့ပြီး စက်တင်ဘာလ ပထမပတ်က ပြင်ပပေါက်စျေး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၅၆၅ ကျပ်အထိ မြင့်တက် ခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၂၉ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့သည်။ စက်တင်ဘာလ ၁၂ရက်၊ နေလယ်ပိုင်းတွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁၅၄၀ ကျပ်သို့ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းစျေးကွက်မှ သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/