မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားတော့မယ့် မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်ကို လုံခြုံရေးအင်အား (၁၀၀၀)ကျော်အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။
အခုလို လုံခြုံရေးအစီအစဉ်တွေအပြင် သုဝဏ္ဏဘောလုံးကွင်းကိုပါ အဘက်ဘက်က ပြပြင်မွမ်းမံမှုတွေ ပြုလုပ်နေပါတယ်။
ဒီပွဲမှာ ဂျပန်အသင်းရဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်မှာဖြစ်သလို အဝေးကွင်း ပရိသတ် (၃၀၀၀)ကျော် လာရောက်အားပေးဖို့ ရှိနေပါတယ်။
အိမ်ရှင်မြန်မာအသင်း ပရိသတ်တွေအတွက်လည်း လက်မှတ်တွေကို လှည်းတန်းစင်တာမှာ ဒီကနေ့နံနက်ပိုင်းကစလို့ ညနေ (၆)နာရီအထိ ရောင်းချပေးနေပြီး Online Tickets တွေကို MFF ရဲ့ Facebook Messenger ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လာရောက်အားပေးမယ့် မြန်မာပရိသတ်တွေ အိမ်ပြန်ခရီးအတွက် အခမဲ့ ယာဉ်စီးနင်းနိုင်ဖို့ MFF နဲ့ YRTA တို့မှ ပူးပေါင်းပြီး YBS ယာဉ်အစီးရေ (၅၀)ကိုလည်း အခမဲ့စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို မနက်ဖြန်ညနေ မြန်မာစံတော်ချိန် (၆း၅၀)မိနစ်အချိန်မှာ ကစားသွားမှာဖြစ်ပါတယ်။