ရန်ကုန်။ စက်တင်ဘာ ၉ ။ ။ တရုတ်နိုင်ငံမှ ဖရဲဝယ်လိုအားကျဆင်းနေခြင်းကြောင့် မှုဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ပြည်တွင်းမှ ဖရဲသီးတင်ပို့မှု ရပ်ဆိုင်းသွားကြောင်းမှုဆယ်အခြေစိုက်သစ်သီးပွဲရုံများမှ သိရသည်။
“သူတို့ဆီမှာလည်း အသီးတွေပေါ်တော့လေ တရုတ်ဝယ်လက်ကလည်း နည်းနည်းလေး အဝယ် ဆိုင်းနေတော့ ဝမ်တိန်မှာ အောက်ချပုံထားရတဲ့ အနေအထားမျိုးဖြစ်နေတယ်။အဝယ်ကလည်း နည်းတဲ့အတွက်ကြောင့်တင် ပို့မှုနည်းနည်းရပ်နေတယ်၊ အဓိကအချက်က သူတို့ဆီမှာ ပေါ်တဲ့အချိန်ဖြစ်နေလို့ပါ။ နောက်လဆိုရင်တော့ ဝယ် တော့မှာပါ” ဟု မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
တရုတ်နိုင်ငံတွင် ဖရဲသီးပေါ်ချိန်ဖြစ်နေသည့်အချက်အပါအဝင် မှုဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လုံခြုံရေး အခြေအနေတို့ကြောင့် တရုတ်ဘက်မှ ဖရဲဝယ်လိုအားကျဆင်းကာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖရဲဈေးနှုန်းထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခင်က ဖရဲတစ်တန်လျှင် ယွမ်ငွေ ၁၅၀၀ ဝန်းကျင် ဈေးပေါက်ခဲ့ရာမှ ယခုအခါ အရောင်း အဝယ် ကျဆင်းခြင်းကြောင့် ဖရဲတစ်တန်လျှင် ယွမ် ၆၀၀ မှ ၈၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ ဖရဲသီးတင်ပို့မှုကို သစ်သီးပွဲရုံများမှ ယာယီ ရပ်နားထား ကြောင်းသိရ သည်။
“ ခုချိန်က ဖရဲရာသီမဟုတ်တော့ ဖရဲလုပ်တဲ့ ပွဲရုံတွေက ရပ်ထားတာပါ။ စျေးကထက်ဝက်လောက် ကျသွား တယ်။ တစ်တန်ကိုယွမ် ၇၀၀ တောင် ရောင်းချင်လို့ ရောင်းမထွက်ဘူး။ တိုက်ပွဲ ကာလတုန်းက နည်း နည်း ပြုံဝင်တာတွေရှိတယ် ၊ အဝယ်ကမရှိဘူး။ အဓိက သူတို့ဆီမှာ ပေါ်ချိန်ဖြစ်နေလို့ပါ” ဟု မူဆယ်၊ ခွာညို သစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ် ယခုလိုအချိန်တွင် မြန်မာနိုင်ငံမှဖရဲသီးကို ဝယ်ယူမှုနည်းတတ်ကြောင်း အောက်တို ဘာလတွင် ဝယ်ယူမှုများတတ်ကြောင်း လာမည့်လပိုင်း အတွင်း ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ကုန်သည်များကဆိုသည်။
“ခုကျတော့ စျေးသိပ်မရဘူး၊။ တိုက်ပွဲတွေ စဖြစ်တဲ့ အချိန်ကစလို့ တဖြည်းဖြည်း ကျလာတာပဲ။ အရင် ကတော့ အသီးအဝင်လည်း နည်းတယ်။ အခုကျတော့ အသီးကအဝင်လည်း နည်းနည်းများလာတယ်။ တရုတ်အဝယ်ကမရှိတော့ ဝယ်လိုအားကနည်း၊ ရောင်းလိုအားကများပြီး၊ စျေးကကျသွားတာ” ဟု ဦးနိုင်ဝင်းက ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ် ဖရဲတန်ချိန် ရှစ်သိန်းခန့်ဝယ်ယူနေပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် ဝယ်ယူနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဖရဲကိုတရုတ်နိုင်ငံအပြင် ဟောင်ကောင်၊ စင်ကာပူနိုင်ငံများသို့ တင်ပို့နေပြီး အခြားသောနိုင်ငံများသို့လည်း တင်ပို့နေသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/