လူငယ်တွေရဲ့ ဆန္ဒပြမှုက အပြုသဘောဆောင်နိုင်ပေမယ့် ဥပဒေမမဲ့ဖို့ လိုဟု ပူတင်ပြော

By AFP
06 September 2019
လူငယ်တွေရဲ့ ဆန္ဒပြမှုက အပြုသဘောဆောင်နိုင်ပေမယ့် ဥပဒေမမဲ့ဖို့ လိုဟု ပူတင်ပြော

မော်စကို၊ စက်တင်ဘာ ၉ ။      ။ ရုရှားနိုင်ငံမှာ မကြာသေးမီက အတိုက်အခံ ဆန္ဒပြပွဲတွေမှာ လူငယ်တွေကို အများအပြား ဖမ်းဆီးထားပြီးနောက်မှာ သမ္မတ ဗလာဒီမာပူတင်က လူငယ်တွေရဲ့ ဆန္ဒပြသမှုဟာ အပြုသဘောဆောင်နိုင်ပေမယ့် ဥပဒေဘောင်အတွင်းက ဖြစ်နေဖို့ လိုအပ်တယ်လို့ မနေ့က ပြောပါတယ်။

နိုင်ငံ အရှေ့ဖျားပိုင်း မြို့ ဗလာဒီဗိုစတော့ခ်မှာ ဂျပန်နဲ့ အိန္ဒိယခေါင်းဆောင်တွေပါ တက်ရောက်တဲ့ စီးပွားရေးဖိုရမ်တစ်ရပ်မှာ ပူတင်က ပြောဆိုရာမှာ လူတွေ ဆန္ဒပြပွဲမှာ ပါဝင်ကြတာဟာ သူတို့ရဲ့ အခွင့်အရေးပဲလို့ ထင်မြင်ကြောင်း ပြောပါတယ်။

“တစ်ခါတစ်ရံမှာ အဲဒီ ဆန္ဒပြမှုတွေက အပြုသဘောရလဒ်တွေဆီ ဦးတည်စေတယ်။ ဘာကြောင့်လည်းဆိုတော့ ရှိနေတဲ့ ပြဿနာတွေကို အာဏာပိုင်တွေ ထိထိရောက်ရောက် ဖြေရှင်းအောင် တွန်းအားပေးလို့ပဲ။”ဆိုပြီး ပူတင်က ပြောပါတယ်။

မကြာသေးတဲ့ သီတင်းပတ်တွေမှာ လွတ်လပ်တဲ့ ရွေးကောက်ရေး တောင်းဆိုပြီး လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာကို ဘယ်လို မြင်လဲဆိုတဲ့ ရုရှားနိုင်ငံပိုင် သတင်းထောက်တစ်ဦးရဲ့ အမေးကို ပူတင်က တုံ့ပြန်ဖြေကြားတာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ရှိလာပြီး ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ရဲတွေကို တိုက်ခိုက်တယ်ဆိုပြီး ဆန္ဒပြသူလေးဦးကို ရာဇဝတ်ပြစ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားပြီး ကျန်သူတွေလည်း တရားရင်ဆိုင်နေရပါတယ်။

“ကျွန်တော် ယုံပါတယ်။ အဓိက ပြောင်းလဲလိုတဲ့သူတွေမှာ အပြုသဘောဆောင်တဲ့ သဘောထားတွေ ရှိနေတာတော့ ကျိန်းသေပါတယ်။ နိုင်ငံကို အကောင်းဖက်ဦးတည်ပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ သဘောထားတွေ ရှိတာ ကျွန်တော် ယုံပါတယ်။”လို့ သမ္မတ ပူတင်က ဆိုပါတယ်။

“တကယ် အရေးကြီးတာကတော့ ဒီလို ဆန္ဒပြသမှုတွေကို တည်ဆဲဥပဒေ ဘောင်အတွင်းကပဲ ဖြစ်သင့်တယ်ဆိုတာ တကယ်အရေးကြီးပါတယ်။”လို့ ပူတင်က ပြောသွားခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly