နေမာဟာ ဥရောပအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်အထိ ဘာစီလိုနာကို ပြန်ခွင့်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်လို့ ဘာစီလိုနာအသင်းဖော်ဟောင်း ဆွာရက်ဇ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နေမာဟာ ဘာကာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ပြီး (၂)နှစ်အကြာမှာ အသင်းကနေ ထွက်ခွာချင်ခဲ့တာဖြစ်ပေမယ့် ပြင်သစ်ကလပ်က နေမာကို ထိန်းချုပ်နိုင်ခဲ့ပြီး အသင်းမှာ ဆက်ရှိနေအောင် လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
ကတ်တလန်အသင်းကလည်း နေမာရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ကမ်းလှမ်းမှုတွေနဲ့ ပြန်ခေါ်ဖို့ ကြိုပမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့သလို လာလီဂါပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကနေလည်း ဘရာဇီးလ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းတွေအရ နေမာကိုယ်တိုင်က ဘာစီလိုနာကို ပြန်လာဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ငွေထဲကနေ ယူရိုသန်း (၂၀) စိုက်ထုတ်ဖို့အထိ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်တဲ့အနေနဲ့ အင်တာတိုက်စစ်မှူး အီကာဒီကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း နေမာဟာ အသင်းမှာ အနည်းဆုံး ဇန်နဝါရီအထိ ဆက်ရှိနေရမှာဖြစ်ပါတယ်။
နေမာဟာ ၂၀၁၇ ခုနှစ်က ဘာကာကနေ စွန့်ခွာဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရနေခဲ့ပြီး ဆွာရက်ဇ်ကလည်း နေမာ ပါရီကို ပြောင်းရွှေ့ဖို့ အသင်းဖော်ရဲ့ လုပ်ဆောင်ချက်ကို သတိပေးခဲ့ပါတယ်။
"အဲဒီအချိန်က ကျနော်တို့ သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စကို ပြောဖြစ်ခဲ့ကြပါတယ်။"လို့ ဆွာရက်ဇ်က အာဂျင်တီးနား Fox Sports Radio ကို ပြောဆိုခဲ့ပါတယ်။
"ဘာစီလိုနာအသင်းထက် ကောင်းတဲ့နေရာ မရှိနိုင်ဘူးလို့ ကျနော်တို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ အသင်းပြောင်းဖို့အတွက် သူဟာသူ ဆုံးဖြတ်ခဲ့ပြီး ဒါကို ရွေးချယ်ခဲ့တယ်။
"အခုကျတော့ အသင်းကို ပြန်လာဖို့အတွက် သူ နည်းမျိုးစုံ သုံးခဲ့ရတယ်။"
Ref; Goal
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/