စက်တင်ဘာ ၅ ။ ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ မီးရှုးမီးပန်းနဲ့ ဗြောက်အိုး ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ စက်တင်ဘာ ၄ ရက်က ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အခြား ၁၆ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘာတလာ မြို့မှာ ရှိတဲ့ စက်ရုံမှာ ဖြစ်ပွားတဲ့ အဆိုပါ ပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံဟာ မီးလောင်ပြိုကျသွားခဲ့သလို အနီးအနား မှာ ရှိတဲ့ ကားတွေ၊ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။
“ ဒီ မီးရှုးမီးပန်း စက်ရုံ ပေါက်ကွဲတဲ့နေရာကနေ အလောင်း ၁၈ လောင်းအထိ ခုလောလောဆယ် တွေ့ထားပါပြီ” လို့ ရဲအရာရှိ မွတ်ခ်တာ ဆင်းန် က ပြောပါတယ်။
စက်ရုံပေါက်ကွဲရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်လျက် ရှိပြီး ယင်း စက်ရုံဟာ ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးလောင်မှုလည်း ဖြစ်ခဲ့ကြောင်း ပန်ဂျပ်ပြည်နယ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒီပက်ခ် ဘာတီယာက ပြောပါတယ်။
အိန္ဒိယ မှာတော့ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မီးရှုးမီးပန်း ဗြောက်အိုးအလုပ်ရုံတွေမှာ ခုလို ပေါက်ကွဲမှုတွေက မကြာခဏ ဖြစ်တတ်ပြီး စက်ရုံ အများစုကလည်း အခြေခံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းတွေအတိုင်း လိုက်နာခြင်း မရှိဘူးလို့ သိရပါတယ်။