စက်တင်ဘာ ၁ ။ ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်က ဓာတုစက်ရုံတစ်ရုံမှာ သြဂုတ် ၃၁ ရက်က ပေါက်ကွဲမှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၁၂ ယောက် သေဆုံးကာ အခြား ၅၀ လောက် ဒဏ်ရာတွေ ရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ ဓာတုစက်ရုံ ပေါက်ကွဲမှုက ယင်းနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီ ခွဲလောက်က ဖြစ်ခဲ့တာလို့ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဆန်ဂျေး အဟိုင်ရီက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံတွင်းကနေ မီးခိုးမည်းလုံးကြီးတွေ တလိပ်လိပ် ထွက်နေတဲ့ ဗီဒီယိုတွေကိုလည်း ပြည်တွင်း မီဒီယာချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။
“ ဓာတု စည်ပိုင်းတစ်ခု အရင်ဆုံး စပေါက်ကွဲခဲ့တာပါ၊ ပြီးမှ မီးက စက်ရုံတစ်ခြား အပိုင်းတွေဆီ ပြန့်ပြီး နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်ဖြစ်တာပါ” လို့ အဟိုင်ရီက ပြောသွားပါတယ်။