သြဂုတ် ၂၈ ။ ။ စစ်တပ်သုံး Tata Safari Storme SUV ကား ဆယ်စီးကို မြန်မာ့တပ်မတော်ထံ အိန္ဒိယစစ်တပ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကားတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း financialexpress.com က ဖော်ပြပါတယ်။
ဒီလို SUV ကား လွှဲပြောင်းပေးအပ်မှုကိုတော့ မကြာသေးခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က တပ်ချုပ်အား ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Tata Safari Storme ကားတွေကတော့ သက်တမ်းကြာလာနေပြီဖြစ်တဲ့ Maruti Suzuki Gypsy ကားတွေရဲ့ နေရာမှာ အစားဝင်သွားဖို့ ရှိနေပါတယ်။ Gypsy ကားတွေကတော့ ဘေးကင်းလုံခြုံမှုနဲ့ အိတ်ဇောငွေ့ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီခြင်း ရှိတော့မှာမဟုတ်တဲ့အတွက် ယင်းတို့ကို အိန္ဒိယ စစ်တပ် ယာဉ်အစုအဖွဲ့ထဲကနေ တစ်ဆင့်ချင်းစီ ဖယ်ရှားသွားဖို့လည်း ရှိနေပါတယ်။