ဘာစီလိုနာအသင်းဟာ နယ်သာလန်ဂန္တဝင် ယိုဟန်ခရိုက်ဖ်ကို ဂုဏ်ပြုတဲ့အနေနဲ့ နူးကမ့်ကွင်းအပြင်ဘက်မှာ ကြေးရုပ်တုထုလုပ်ပြီး တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
ယိုဟန်ခရိုက်ဖ်ဟာ ဘာစီလိုနာအသင်းအတွက် ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ အောင်မြင်မှုများစွာရယူခဲ့ပြီး ၁၉၇၀ ဝန်းကျင်ကာလများက အကျော်ကြားဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ကစားသမားဘဝမှာ ဘလွန်ဒီအော်ဆု (Ballons d'Or) ၃ ကြိမ် ရယူနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းမှာ (၅)နှစ်ကြာ ကစားခဲ့သလို အေဂျက်စ်အသင်းမှာ (၁၉၆၄-၁၉၇၃) နဲ့ (၁၉၈၁-၁၉၈၃) စုစုပေါင်း (၁၁)နှစ် ကစားခဲ့သူလည်းဖြစ်ပါတယ်။
နယ်သာလန်အသင်းရဲ့ "Total Football" ကစားဟန်နဲ့ ယိုဟန်ခရိုက်ဖ်ကို တွဲပြီး မြင်ကြသလို နည်းပြဘဝမှာလည်း နည်းဗျူဟာပိုင်း ဆန်းသစ်တီထွင်မှုတွေနဲ့ အောင်မြင်မှုတွေကို လမ်းသစ်ဖောက်ရယူနိုင်ခဲ့သူလည်းအဖြစ်လည်း သိကြပါတယ်။
ခရိုက်ဖ်ဟာ ၂၀၀၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့က အသက် (၆၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ယိုဟန်ခရိုက်ဖ်ရဲ့ သားဖြစ်သူ ဂျော်ဒီက ရုပ်တုနဲ့ ပတ်သတ်လို့ ပြောဆိုရာမှာ "(ဒါဟာ) ပျော်ရွှင်မှုတွေ သယ်ဆောင်လာပြီး မိသားစုတစ်ခုလုံးကို ဂုဏ်ယူစေပါတယ်။ ဒီလိုဖြစ်လာအောင် လုပ်ပေးသူအားလုံးကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။"လို့ ပြောပါတယ်။
"ဒါဟာ (ကျနော်အဖေအတွက်) တကယ့်အထူးကောင်းမွန်တဲ့ နေရာတစ်ခုပါ။ သူဟာ ကစားသမားအဖြစ်ရော၊ နည်းပြအဖြစ်ပါ အချိန်အများကြီး နေခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။"
ဒီကြေးရုပ်တုကို ဒတ်ချ်ပန်းပုဆရာ ကော်ရီ အမ်မာလန် ဗန် နိုက်ခ်ကတ် (Corry Ammerlaan van Niekerk)က (၄)လဝန်းကျင် အချိန်ယူ ထုလုပ်ခဲ့တာဖြစ်ပြီး ရုပ်တုမှာ အလေးချိန် (၁,၅၀၀) ကီလိုဂရမ်နဲ့ အမြင့် (၃.၅) မီတာရှိပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အရန်အသင်း (B) လူငယ်အသင်းနဲ့ အမျိုးသမီးအသင်းတို့ အသုံးပြုဖို့ တည်ဆောင်ထားတဲ့ ကွင်းသစ်ကိုလည်း Johan Cruyff Stadium အမည်ပေးပြီး သြဂုတ် ၁၇ ရက် (ယနေ့)မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Ref; 90min