ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်မည်

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်မည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၂၆ ။           ။ မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီလှူဒါန်းရန် ရန်ပုံငွေ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အနော်ရထာပန်းချီပြခန်း၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီရေဘေးသင့်ပန်းချီပြပွဲမှာ ပန်းချီကားတွေကို မူလတန်ဖိုးထက် ပြည်သူတွေ၊ လှူဒါန်းတဲ့ သူတွေ လက်ထဲကိုလည်း စျေးနှုန်းချိုသာစွာနဲ့ ရောက်ရှိသွားစေချင်တဲ့ စေတနာနဲ့ ပြုလုပ်ထားပါတယ်။ ကျသင့် တန်ဖိုးရဲ့ သုံးပုံတစ်ပုံလောက်သာ အခကြေးငွေယူပြီးတော့ ကျွန်တော်တို့ ရောင်းချပြီး ရတဲ့ငွေတွေကို ဒီ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု အနော်ရထာပန်းချီပြခန်းကို တည်ထောင်သူ ဦးမျိုးသော်က ပြောသည်။

အဆိုပါ ပြပွဲတွင် ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ပန်းချီစိုးမိုးတို့အပါအဝင် ပန်းချီဆရာများစွာ၏ ပန်းချီကား များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပန်းချီဆရာများမှ ရောင်းရငွေထဲမှ ၅ဝ ရာခိုင်နှုန်းကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေ ပန်းချီပြပွဲအတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၆ ရက်နေ့က အနော်ရထာပန်းချီပြခန်းတွင် ပြလုပ်ခဲ့ခြင်းဖြစ်ပြီး ပြသရောင်းချမည့် ပန်းချီကားများကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက် အတွင်း လက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဆရာတို့က ပန်းချီဆရာတွေကို ဖိတ်တဲ့နေရာမှာ အားလုံးပါဝင်နိုင်တယ်ဆိုရာမှာ ဆရာ့အထင်တော့ ပန်းချီ ဆရာ တစ်ရာကျော်သွားလိမ့်မယ်ထင်တယ်။ တစ်ယောက်ကို နှစ်ကားနှုန်းနဲ့ဆိုတော့ ပန်းချီကား ၂ဝဝ လောက် ခန့်မှန်းထားပါတယ်။ အလှူငွေကို ခန့်မှန်းအားဖြင့် ၂ဝဝ အောက်ထစ်နဲ့ ၃ဝဝ လောက်ခန့်မှန်းထားပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး သွားလှူမှာပါ” ဟု အနော်ရထာပန်းချီပြခန်း၏ ဥက္ကဋ္ဌ ပန်းချီဦးဌေးအောင်က ပြောသည်။

အဆိုပါပန်းချီပြပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာမည့် ရန်ပုံငွေ များကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရေဘေးသင့်ပြည်များအတွက် သွားရောက်လှူဒါန်းနိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။ ယနေ့ သြဂုတ်လ ၂၆ရက်နေ့တွင် ပြပွဲ၌ ရောင်းချလှူဒါန်းနိုင်ရန် လာရောက် အပ်ထားသော ပန်းချီကားတစ်ရာနီးပါးရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly